Myanmar Transparency News

အသုံးပြုပြီး Vape စက်အဟောင်းများကို အရည်အသစ်ဖြည့် ပါကင်ထုပ်ကာ အသစ်ပမာ ပြန်ရောင်းသည့် တရုတ်နိုင်ငံသားနှစ်ဦးနှင့် မြန်မာလုပ်သားငါးဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

၂၂. ၆. ၂၀၂၅
Translated by Thettant

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် တရားမဝင်လျှပ်စစ်စီးကရက် (e-Cigarettes- Vape) ထုတ်လုပ်သည့် နေအိမ်တစ်ခုအား ထိုင်းအာဏာပိုင်များ စီးနင်းဖမ်းဆီးခဲ့ပြီး အဆိုပါစီးနင်းမှုအတွင်း အသုံးပြုပြီး Vape စက်အဟောင်းများကို အရည်အသစ်ဖြည့် ပါကင်ထုပ်ကာ အသစ်ပမာ ပြန်ရောင်းသည့် တရုတ်နိုင်ငံသားနှစ်ဦးနှင့် မြန်မာလုပ်သားငါးဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်ရပ်တွင် တရုတ်လုပ်ငန်းရှင်တစ်ဦးသည် ဘန်ကောက်မြို့၊ ရမ်အင်ထရာဒေသရှိ ဇိမ်ခံအိမ်တစ်လုံးကို တရားမဝင် လျှပ်စစ်စီးကရက်များ ထုတ်လုပ်ရန် ငှားရမ်းခဲ့သည်။ ၎င်း၏လုပ်ငန်းတွင် စွန့်ပစ်ထားသော Vape စက်ခေါင်းများကို အရည်အသစ်ဖြင့်ပြန်လည်ပြုပြင်ကာ အသစ်ပမာ ပြန်လည်ရောင်းချရန်အတွက် ထုပ်ပိုးခြင်းတို့ ပါဝင်သည်ဟု သိရသည်။

ထိုလုပ်ငန်းကို ဖမ်းဆီးနိုင်ရန် လုပ်ငန်းအခြေတည်ရာ ကလောင်းဆမ်ဝါခရိုင်၊ ဘန်ချန်းမြို့၊ ဆွိုင်ပန်ယာ-ရမ်အင်ထရာရှိ အိမ်ခြံမြေကို စစ်ဆေးရန် ဇွန်လ ၂၁ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ပတ္တနာဆက် ဘူပါဆူဝမ်က ဒုတိယရဲမှူးကြီး ကရစ်ဗစ် ဆန်ထာဗီဆွတ်၊ ဒုတိယရဲမှူး ကစ်တီဖတ် ကွန်ဆွန်နိုအန်နှင့် ဒုတိယရဲမှူးကြီး တီတီဝတ် နီကရိုသာတို့အား ညွှန်ကြားခဲ့သည်။

အာဏာပိုင်များက တရုတ်လုပ်ငန်းရှင်ငှားရမ်းကာ Vape စက်အဟောင်းများကို အရည်သွပ်၊ အတုပြုလုပ်နေသည့် ဇိမ်ခံအိမ်သို့ စီးနင်းချိန်တွင် တရုတ်နိုင်ငံသားများဖြစ်သည့် အသက် ၃၅ နှစ်အရွယ် ဘင်ကျောက်နှင့် အသက် ၄၄ နှစ်အရွယ် ယင်ဟိုင်ဘင်တို့နှစ်ဦးကို Vape စက် ထုတ်လုပ်ရေးအခန်းအပြင်ဘက်တွင် တွေ့ရှိခဲ့သည်။

ထို့အပြင် အခန်းအတွင်း၌ မြန်မာအလုပ်သမား ၅ ဦးသည် Vape စက်များကို အရည်အသစ်များ ပြန်လည်ဖြည့်သွင်းကာ ပြုပြင်နေသည်ကို တွေ့ရှိခဲ့ရသည်။

အာဏာပိုင်များသည် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးခဲ့ပြီးနောက် Vape စက် ၃,၂၀၀ နှင့် Vape ဆေးရည်များ၊ Vape ထုတ်လုပ်ရေးပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိသောပစ္စည်းများ၏ စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ ဘတ်ငွေ ၁,၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၅,၇၇၅) ခန့်ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများအရ ၎င်းလုပ်ငန်းတွင် e-Cigarettes အစိတ်အပိုင်းများ၊ အသုံးပြုပြီးသား Vape စက်များ ဝယ်ယူခြင်း၊ ၎င်းတို့ကို အရည်အသစ်ဖြည့်သွင်းကာ ပြန်လည်အသုံးပြုနိုင်ရန် ပြုလုပ်ခြင်း၊ ထို့နောက် ဖောက်သည်များအတွက် အသစ်ကဲ့သို့ ထင်ရစေရန် ပြန်လည်ထုပ်ပိုးခြင်းတို့ ပါဝင်ကြောင်း ဖော်ထုတ်ခဲ့သည်။

အလားတူသတင်းများအရ ဘန်ကောက်ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးပါဝင်သော အီးစီးကရက်အရည်များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချသည်ဟု သံသယရှိသူ သုံးဦးကို ဖမ်းဆီးခဲ့သည်။
သံသယရှိသူများဖြစ်သည့် အသက် ၃၇ နှစ်အရွယ် နက်နဖာ၊ အသက် ၄၆ နှစ်အရွယ် သာနာကွန်နှင့် အသက် ၃၃ နှစ်အရွယ် ပရတ်ချယာတို့ကို ဇွန်လ ၂၀ ရက်နေ့တွင် တရားမဝင် Vape အရည်များနှင့် ဆက်စပ်ပစ္စည်းများစွာ လက်ဝယ် ပိုင်ဆိုင်ထားမှုဖြင့် ဖမ်းဆီးခဲ့သည်။ ဤဖမ်းဆီးမှုကြောင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု ကွန်ရက်များကို ပိုမိုကျယ်ပြန့်စွာ စုံစမ်းစစ်ဆေးရန် လှုံ့ဆော်ပေးခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News