Myanmar Transparency News

မြန်မာအမျိုးသမီးငယ်တစ်ဦးအား ထိုင်းဘုရင့်တပ်မတော်တပ်ကြပ်ကြီးက အဓမ္မပြုကျင့်ခဲ့မှု ယမန်နေ့ကဖြစ်ပွား

◾ ယင်းတပ်ကြပ်မှာ စားသောက်ဆိုင်ပိုင်ရှင်လည်း ဖြစ်ဟုဆို

၉.၇.၂၀၂၅
Written By Zun

မြန်မာအမျိုးသမီးငယ်တစ်ဦးအား ထိုင်းဘုရင့် တပ်မတော်တပ်ကြပ်ကြီးက အဓမ္မပြုကျင့်ခဲ့မှုဇူလိုင်လ ၇ ရက်ကဖြစ်ပွားခဲ့ကြောင်းဒေသတွင်းသတင်းများအရ သိရသည်။

ယင်းမှာထိုင်းနိုင်ငံ၊ နခွန်နာယုတ်ခရိုင်၊ ပါက်ဖလီမြို့နယ်၊ ကော့ဖိုကျေးရွာတွင် စားသောက်ဆိုင်ဖွင့်လှစ်ထားသူလည်းဖြစ်ကြောင်း အဆိုပါသတင်းများအရ သိရသည်။

အဓမ္မပြုကျင့်ခံရသူ မြန်မာအမျိုးသမီးမှာအသက် ၂၁ အရွယ်ရှိ ပြီး အဆိုပါစားသောက်ဆိုင်၏ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။

အဓမ္မပြုကျင့်ခံရသူအမျိုးသမီးငယ်နှင့် ယင်း၏ စားသောက်ဆိုင်အတွင်း လုပ်ဖော်ကိုင်ဘက် မြန်မာအမျိုးသမီး နှစ်ဦး၊ စုစု‌ပေါင်း ၃ ဦး
တို့ စားသောက်ဆိုင်ကထွက်ပြေးကာ အကူအညီတောင်းခံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတို့ အကူအညီတောင်းခံမှုကို ထိုင်းနိုင်ငံသားများက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားပေးခဲ့သည့်အတွက် ထိုင်းရဲတပ်ဖွဲ့က ကျူးလွန်ခံရသူနှင့်လုပ်ဖော်ကိုင်ဘက်များအား ရဲစခန်းသို့ ခေါ်ဆောင်စစ်‌ဆေးစဉ် အမှုပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့စစ်ဆေးချက်များအရ ပါ့ခ်ခ်က်ဖယ်လီဆေးရုံကြီးက အဆိုပါ မြန်မာအမျိုးသမီးငယ် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း မှန်ကန်သည့် ဆေးစာများရေးသား အတည်ပြုပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင်ကျူးလွန်သူကို အရေးယူနိုင်ရန် ထိုင်းရဲတပ်ဖွဲ့ဘက်က ထိုင်းဘုရင့် တပ်မတော်ဘက်ကို အကြောင်းကြားထားကြောင်း၊ ၎င်းတပ်ကြပ်က မြန်မာအမျိုးသမီးငယ်အား အဓမ္မပြုကျင့်သည်ကို Video မှတ်တမ်းရိုက်ယူထားသေးကြောင်း သိရသည်။

အဆိုပါ ကျူးလွန်သူမှာ ယခင်ကလည်းအမျိုးသမီး ၃ ဦးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သည့် ပြစ်မှုမှတ်တမ်းရှိ‌နေသူဖြစ်‌ကြောင်း
သိရသည်။

မူရင်းသတင်း — Myanmar Transparency News