Myanmar Transparency News

လှိုင်သာယာမီးခွက်ဈေးက ရေနှုတ်မြောင်းကျယ်ထဲမှာ လူငယ်တစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

၂၆.၇.၂၀၂၅
Written by Hey Mar

ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ မီးခွက်စျေးမှတ်တိုင်အနီး ရေနှုတ်မြောင်းထဲက အသက် ၂၆ နှစ်ခန့်လူငယ်တစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇူလိုင် ၂၆ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ လှိုင်သာယာအခြေပြု လူမှုကူညီရေးအသင်းတချို့ထံကနေ သိရပါတယ်။

သေဆုံးသူလူငယ်မှာ  ရေထဲ မှောက်ခုံအနေအထားပေါ်နေတာကြောင့် ကရုဏာနုဂ္ဂဟအသင်း၊ ကရုဏာတွဲလက်လူမှုရှင်ရေးနာရေးအသင်းနဲ့အတူ ရပ်မိရပ်ဖတွေက ပူးပေါင်းကူညီ ဆယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။

“သေတဲ့ လူငယ်က ပြင်ပ ဒဏ်ရာတော့ မတွေ့ဘူး။ အသေးစိတ်ကတော့ မှုခင်းရဲနဲ့ ဆရာဝန်ဆီက အဖြေရမှပဲ သိရမယ်။ ပိုင်ရှင်လည်း ပေါ်ပါတယ်”တယ်လို့  မြေပြင်ရောက်ရှိခဲ့တဲ့ ပရဟိတအသင်းသားတစ်ဦးက ဖြစ်စဉ်နဲ့ပတ်သက်လို့ တစ်စိတ်တစ်ပိုင်း ပြောပြပါတယ်။

သေဆုံးသူလူငယ်ရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆက်လက်စုံစမ်းစစ်ဆေးနိုင်ဖို့ ကရုဏာတွဲလက်လူမှုကူညီရေးအသင်းကားနဲ့ လှိုင်သာယာဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News