Myanmar Transparency News

သစ်ပင်အို ရုတ်တရက်လဲပြိုကျရာက လျှပ်စစ်ဓာတ်ကြိုးကိုငြိပြီး  အနီးကဖြတ်သွားတဲ့ လမ်းသွားလမ်းလာအမျိုးသားတစ်ဦးလည်ပင်းကို ဓာတ်ကြိုးပတ်မိရာက ဓာတ်လိုက်‌ သေဆုံး

၁.၈.၂၀၂၅
Written by Hey Mar

သစ်ပင်အို ရုတ်တရက်လဲပြိုကျရာက လျှပ်စစ်ဓာတ်ကြိုးကိုငြိပြီး အနီးက ဖြတ်သွားတဲ့ လမ်းသွားလမ်းလာအမျိုးသားတစ်ဦးရဲ့ လည်ပင်းကို ဓာတ်ကြိုးပတ်မိလို့ ဓာတ်လိုက်‌သေဆုံးရတဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၁ ရက် မနက် ၆ နာရီဝန်းကျင်က တောင်ငူမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ‌မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ‌ရွေမင်းဝင်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က တောင်ငူမြို့၊ (၁၈) ရပ်ကွက်၊ မီးရထားဝင်းအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအသက် ၅၀ ကျော်အမျိုးသားကြီးမှာ အဆိုပါဝင်းအတွင်းနေထိုင်သူလို့ သိရပါတယ်။

ရွှေမင်းဝင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “အဲဒီ သစ်ပင်လဲကျ‌တဲ့ နေရာက လမ်းပါ။ သူက ဖြတ်သွားရင်း ဖြစ်တာ။ သစ်ပင်က ဓာတ်ကြိုးပေါ် လဲတော့ ဓာတ်ကြိုးပြတ်ပြီး လမ်းလျှောက်လာနေတဲ့ သူ့ရဲ့ လည်ပင်းကို ပတ်သွားတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါဓာတ်လိုက်မှုကြောင့် လည်ပင်းနဲ့ ရင်ဘတ်တို့မှာ လောင်ကျွမ်းဒဏ်ရာရရှိကာ သေဆုံးသူအမျိုးသားကြီးကို ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူမှုကူညီရေးပရဟိတအသင်းမှ တောင်ငူ ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News