Myanmar Transparency News

လူကုန်ကူးခံရဖွယ်ရှိသည့် တရားမဝင်မြန်မာလုပ်သား ၅၅ ဦးကို ထိုင်းရဲ ဖမ်းမိ

၁၁. ၈ ၂၀၂၅
Translated by Thettant

ထိုင်းနိုင်ငံ၊ အူထိုင်းဌာနီခရိုင်၊ သပ်သန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၅၅ ဦးကို ဖမ်းဆီးခဲ့သည်။

အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၉ ဦးပါဝင်သော တရားမဝင် မြန်မာလုပ်သားအစုအဖွဲ့အား ခေါင်ခိဖွိုင်ခရိုင်ခွဲရှိ သစ်တောတစ်ခုအတွင်း စွန့်ပစ်ထားသည့် ယာဉ်သုံးစီးအတွင်းမှ တွေ့ရှိ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ရဲများ မရောက်မီ ယာဉ်မောင်းများမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများက ဘာသာပြန်များမှတစ်ဆင့် ၎င်းတို့သည် မဲဆောက်မြို့နယ်၊ တက်ခ်ခရိုင်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့ပြီး ဘန်ကောက်မြို့တွင် အလုပ်လုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း အာဏာပိုင်များကို ထွက်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့အနေဖြင့် ၎င်းတို့သည် လူကုန်ကူးခံရသူများ ဖြစ်နိုင်/မဖြစ်နိုင်ကို အမျိုးသားလွှဲပြောင်းပေးရေးယန္တရား (National Referral Mechanism) လုပ်ထုံးလုပ်နည်းအရ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref, Khaosod

မူရင်းသတင်း — Myanmar Transparency News