Myanmar Transparency News

သန်လျင်တံတား‌ဟောင်း အတက်လမ်းနဲ့ အဆင်းလမ်း မှားလာတဲ့ အိမ်စီးကားက ရန်ကုန် သာကေတဘက်အဆင်းမှာ လမ်းမှန်အတိုင်း တက်လာတဲ့ကားကို တိမ်းရှောင်ရင်း ချောက်ထဲကျ

၂.၉.၂၀၂၅
Writen by Hey Mar

သန်လျင်တံတား‌‌ဟောင်း အတက်လမ်းနဲ့ အဆင်းလမ်း မှားပြီးမောင်းလာတဲ့ ကားတစ်စီးဟာ လမ်းကြောင်းမှန်မောင်းနှင်လာတဲ့ ကားနဲ့ မျက်နှာချင်းဆိုင်တွေ့လို့ ကားကို လမ်းဘေးဆွဲချရာက ချောက်ထဲကျကာ ယာဉ်တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါသူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ စက်တင်ဘာလ ၂ ရက်နေ့ မနက်အစောပိုင်းက သာကေတမြို့နယ်အပိုင်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က စက်တင်ဘာ ၁ ရက် ညသန်းခေါင်ကျော်ပြီးစ ဒီနေ့မနက် ၂ နာရီကျော်အချိန်ခန့်မှာ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ သန်လျင်တံတားဟောင်းကနေ ရန်ကုန်ဘက်ကို ပြန်လာတဲ့ Surf အမျိုးအစားကားက သန်လျင်ဘက်ကနေ အတက်လမ်းနဲ့ အဆင်းလမ်း မှားတက်လာမိပြီး ရန်ကုန်၊ သာကေတဘက် အဆင်းမှာ လမ်းမှန်မျက်နှာချင်းဆိုင်က‌ လာနေတဲ့ ကားကို တိမ်းရှောင်ရင်း ‌ ချောက်ထဲကျသွားတာ‌ကြောင့် ယာဉ်ပေါ်ပါ လူငါးဦးအနက် ယာဉ်မောင်းဖြစ်သူ ညှပ်ရိုးကျိုးကာ ယာဉ်မောင်းဘေးကနေထိုင်လိုက်လာတဲ့ အမျိုးသမီးတစ်ဦးလည်း ခါးထိခိုက်ဝေဒနာ ခံစားခဲ့ရပြီး နောက်ခန်းက လိုက်ပါစီးနင်းသူ‌ သုံးဦးကတော့ ပွန်းပဲ့ ထိခိုက်ဒဏ်ရာ‌လောက်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာနေရာကို မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ” လမ်းမကျွမ်းတာရော၊ မှောင်တာရောပေါ့။ လမ်းမှားတက်လာပြီးမှ သန်လျင်ဘက် အတက်လမ်းကို ရန်ကုန်ဘက် အဆင်းလမ်းနဲ့ အဲဒီကားက မှားတက်လာမိတာ။ ကံကောင်းချင်‌တော့ ချဥ်းကပ်လမ်းနား‌ရောက်မှ အတက်ကားနဲ့ တိုးလို့။ တံတားအလယ်မှာသာဆို အန္တရာယ်ကြီးတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ဒဏ်ရာရရှိတဲ့ လူနာတွေကို သာကေတအခြေစိုက် ဒို့ညီနောင်ပရဟိတအသင်းမှ လူနာတင်ယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဆီ ပို့ဆောင်ပေးခဲ့ပြီး ကားကို ကရိန်းနဲ့ ဆွဲတင် ရှင်းလင်းဖယ်ရှားတာတွေကို ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ကလည်း TownAce တစ်စီးနဲ့ လူနာတင်ယာဉ် မတော်တဆမှု ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကြက်ဘဲ‌ဈေးအနီး ပုသိမ်ညွှန့် (၃) လမ်းထိပ်မှာ ဖြစ်ပွားခဲ့ပါသေးတယ်။ TownAce  ယာဉ်က ယာဉ်မောင်းဖြစ်သူ ရုတ်တရက် ဆီးချိုတက်ကာ မူးဝေသတိလစ်ပြီး  လမ်းလည်တုံးကို ကျော်တက်ကာ တစ်ဖက်လမ်းကြောကနေ လူနာကို ဆေးရုံသွားရောက်ပို့ဆောင်ပြီး ပြန်လာတဲ့ လူနာတင်ယာဥ်ကို တိုက်မိခဲ့တာပါ။

အဆိုပါဖြစ်စဉ်အတွင်း TownAce ယာဉ်မောင်း ဒဏ်ရာတချို့ရရှိခဲ့ကာ ပရဟိတယာဉ်‌ ပေါ်ပါ အသင်းသား ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်၊  ကိုပူတူးနဲ့ဘော်ဒါများ ပရဟိတအသင်းမှ လူနာတင်ယာဥ်နဲ့  ရန်ကုန်ဆေးရုံကြီးဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News