Myanmar Transparency News

တောင်ဥက္ကလာမှာ လူငယ်တစ်ဦး ဓားဒဏ်ရာနဲ့ သွေးထွက်လွန်လဲကျနေမှုဖြစ်ပွား၊ လူငယ်က သူလုယက်ခံရပြီး ဒဏ်ရာရတာလို့ အနီးအနားပတ်ဝန်းကျင်ကို ပြောဆိုကာအကူအညီတောင်းခံ

၃.၉.၂၀၂၅
Written by Hey Mar

ဓားနဲ့ ထိုးခံရလို့ ထွက်ပြေးလာတဲ့လူငယ်တစ်ဦး သွေးထွက်လွန်ကာ လမ်းမှာလဲကျနေ‌ကြောင်း တာဝန်သိပြည်သူတချို့က သက်ဆိုင်ရာကို ဆက်သွယ်အ‌ကြောင်းကြားခဲ့တဲ့ဖြစ်စဉ် မနေ့က ည ၉ နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၉) ရပ်ကွက်၊ သစ္စာလမ်းမပေါ်၊ ပုဏ္ဏမီ ကားမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။ 

အဆိုပါ ဓားဒဏ်ရာရရှိသူ လူငယ်က ကနဦးဘေးပတ်ဝန်းကျင်က လူတွေ သူ့ကိုဝိုင်းဝန်းကူညီစဉ်မှာ သူပြောပြတာက ကားမှတ်တိုင်အနီးမှာ သူ့ဖုန်းလုယက်ခံရကြောင်း၊ ပြန်လည်ခုခံလို့ သူ့အား လုယက်သူက ဓားနဲ့အန္တရာယ်ပြုကြောင်း၊ ဒါ့ကြောင့် အုပ်ချုပ်ရေးမှူးရုံးထံတိုင်ကြားဖို့ပြေးလာကြောင်း စသဖြင့် ပြောပြတယ်လို့ ဆိုပါတယ်။

ဓားဒဏ်ရာရရှိသူ လူငယ်ကို မေတ္တာ သီတာရေစင် ပရဟိတအသင်းက မြေပြင်မှာ ရှေးဦးပြုစုပေးကာ အမြန်ဆေးကုသမှုခံယူနိုင်ဖို့ မြောက်ဥက္ကလာပဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာကလည်း ရဲလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ခဲ့ရာ လုယက်ခံရသူလူငယ်ရဲ့ ကနဦးထွက်ဆိုချက်‌တွေမှာ ကွဲလွဲမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

“လုယက်မှုလို့လည်း ပြောမရဘူး။ သူ့ဒဏ်ရာကလည်း ထိုးသွင်းဒဏ်ရာမဟုတ်ဘူး။ ထိုးတာမှာ ရှောင်လိုက်တော့ ဆွဲခွဲသလို ဖြစ်ထားတာ။ ဒဏ်ရာတော့ ကြီးတယ်။ သွေးထွက်လည်းများတယ်။ ဗိုက်မှာ တစ်ချက်၊ လက်မှာ တစ်ချက် ရထားတယ် “” လို့ ‌မေတ္တာ သီတာရေစင် ပရဟိတ အသင်းထံ MT News က ဆက်သွယ်မေမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းမကြီး၊ မြို့ဟောင်း(၁၁)လမ်းထိပ်မှာ လူငယ်တစ်ဦးလုယက်ခံရပြီး ဓားထိုးခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

မူရင်းသတင်း — Myanmar Transparency News