Myanmar Transparency News

ဖခင်အရင်းက မသန်စွမ်းသမီးအရင်းကို သားမယားပြုကျင့်လို့ ကိုယ်ဝန်အရင့်အမာရှိနေချိန် ရိုက်နှက်ဖျက်ချဖို့ ကြိုးစားတာကြောင့် ပတ်ဝန်းကျင်က ဝိုင်းဝန်းတိုင်တန်းမှ ဖမ်းမိ

၉.၉.၂၀၂၅
Written by Hey Mar

ဖခင်အရင်းက ဉာဏ်ရည်မသန်စွမ်းတဲ့ သမီးအရင်းဖြစ်သူကို သားမယားပြုကျင့်လို့ ကိုယ်ဝန်ခုနစ်လရတဲ့အခါ ရိုက်နှက် ဖျက်ချဖို့ ကြိုးစားကာ မိသားစုကပါ ဖုံးဖိဖျောက်ဖျက်ဖို့ လုပ်ဆောင်တာမို့ ပတ်ဝန်းကျင်က ကရင်တိုင်းသားအဖွဲ့အစည်းထံ အကြောင်းကြားအကူအညီတောင်းခံပေးရတဲ့ဖြစ်စဉ် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အပိုင်ထဲက ‌အ‌တော်အတန်‌ခေါင်တဲ့ ကျေးရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တယ်လို့ အဆိုပါဖြစ်စဉ်ကို အမှုမှန်ပေါ်ပေါက်ရေးလိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးထံကနေ သိရပါတယ်။

ဖခင်အရင်းက ကျူးလွန်တာကို ခံရတဲ့ မိန်းကလေးငယ်က အသက် ၂၆ နှစ်အရွယ် ဉာဏ်ရည်မသန်စွမ်း ခန္ဓာကိုယ် မဖွံ့ဖြိုးသူတစ်ဦးလို့ သိရှိရပြီး အခုဖြစ်စဉ်မဖြစ်မီကလည်း ကိုယ်ဝန်တစ်ကြိမ် ဖျက်ချထားရတာကို မိခင်ကိုယ်တိုင်ကပါ ပူးပေါင်းဆောင်ရွက်တယ်လို့ ယူဆရကြောင်းလည်း အဆိုပါလိုက်ပါဆောင်ရွက်ပေးနေသူက MT News ကို ပြောပြပါတယ်။

“ကောင်မလေးရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုက ၁၃ နှစ်အရွယ်လောက်ပဲရှိတယ်။ ပထမ တစ်ခါတုန်းကလည်း သူတို့အမေနဲ့ သူတို့အဖေက ပူးပေါင်းပြီး ဖျက်ချလိုက်တာ အောင်မြင်သွားတယ်။ အခုတစ်ခါကြတော့ ဒုတိယအကြိမ်ပြန်ဖြစ်တဲ့ အကြိမ်မှာ ကလေးမလေးရဲ့ ဗိုက်ထဲမှာ ကိုယ်ဝန်က ခုနစ်လလောက်ဖြစ်နေပြီ။ အဲ့ဒါကို ထပ်ပြီး ဖျက်ချဖို့ကြိုးစားတဲ့အချိန်မှာ ကျေးရွာအနီးအနားက ဒါကြီးကတော့ မဖြစ်သင့်တော့ဘူးဆိုပြီးပေါ့။ ဒီတစ်ခါ ထပ်ဖြစ်ရင်က ကလေးမလေးပါ အသက်အန္တရာယ်ရှိတယ်။ အဲ့ဒါကို သိလို့ ကျွန်တော်တို့အဖွဲ့အစည်းဆီ ဘယ်လို လုပ်ရမလဲ အကြောင်းကြားလာလို့ ကျွန်တော်တို့ဘက်ကလည်း ထွေအုပ်ရဲ့ ဖိအားနဲ့ ဝိုင်းဝန်းကြိုးစားကြတာမှာ ကျူးလွန်သူ ထွက်ပြေးဖို့ ကြိုးစားပေမယ့် မနေ့ပဲ ဖမ်းမိပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

လက်ရှိမှာ ကျူးလွန်သူ ဖခင်ကို မနေ့က အိမ်မဲမြို့မ ရဲစခန်းဆီအပ်နှံပြီးဖြစ်ကာ အမှုတည်ဆောက်နိုင်ဖို့ဆက်လက်လုပ်ဆောင်နေပြီး မသန်စွမ်းသမီးငယ်ကို ကရင်အဖွဲ့အစည်းက စောင့်ရှောက်ထားသလို ကလေးမီးဖွားပါကလည်း ကလေးနဲ့ မိခင်ကိုစောင့်ရှောက်မယ့် ဂေဟာဆီ တစ်ပါတည်းခေါ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News