Myanmar Transparency News

ပြည်သူများ၏ သတင်းပေးပို့မှုကြောင့် သြဂုတ်လအတွင်း တရားမဝင်ကုန်စည်များ ကျပ် ၄ ဘီလျံခွဲကျော်ဖိုး ဖမ်းမိမှုတွင် လက်နက်များပါ ပါဝင်ဖမ်းမိခဲ့၊ သတင်းပေးပြည်သူများကိုလည်း ကျပ်တစ်ဘီလျံနီးပါး ဆုချီးမြှင့်မည်

MT News
၁၃. ၉. ၂၀၂၅

ပြည်သူများ၏ သတင်းပေးပို့မှုကြောင့် သြဂုတ်လအတွင်း တရားမဝင်ကုန်စည်များ ကျပ် ၄ ဘီလျံခွဲကျော်ဖိုး ဖမ်းမိမှုတွင် ကုန်စည်များအပြင် လက်နက်များပါ ပါဝင်ဖမ်းမိခဲ့သည်ဟု သိရသလို သတင်းပေးပြည်သူများကိုလည်း ကျပ်တစ်ဘီလျံနီးပါး ဆုချီးမြှင့်မည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေး တိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း သတင်းမှန် ၆၇ ကြိမ်ရရှိခဲ့ပြီး သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ ၁၂၄ မှု၊ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၉၃ ဒသမ ၀၆၇ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့်ယာဉ်များအပါအဝင် လိုင်စင်မဲ့ယာဉ်များ သိမ်းဆည်းရမိခဲ့သည်။

သတင်းပေးတိုင်ကြားမှုများကြောင့် လိုင်စင်မဲ့/အကောက်ခွန်မဲ့ဖြစ်သည့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်မျိုးစုံတို့ကိုလည်း ဖမ်းဆီးရမိခဲ့ခြင်းတို့ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် စံချိန်စံညွှန်းမမီ၊ အရည်အသွေးမပြည့်ဝသော တရားမဝင် ကုန်ပစ္စည်းများ၏ အန္တရာယ်တို့မှလည်း ကာကွယ်ပေးနိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း လျှို့ဝှက်ပေးထားမည်ဖြစ်ပြီး ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၉၃ ဒသမ ၀၆၇ သန်း၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော ကျပ် ၉၁၈ ဒသမ ၆၁၃ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင် ကုန်သွယ်မှု သတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း – ၀၉၆၉၉၆၁၁၁၁၆၊ အော်တိုတယ်လီဖုန်းနံပါတ် -၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News