Myanmar Transparency News

အလုပ်သမားတစ်ဦး အမူးလွန်၍ ခြောက်လွှာဝရန်တာမှ မြေညီထပ်ခေါင်းမိုးပေါ်ပြုတ်ကျမှု လသာ​မြို့တွင် ယ​နေ့နံနက်အစောပိုင်းက ဖြစ်ပွား

၁၇.၉.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ သိမ်ကြီး​စျေး (D)ရုံ၊ RC(၇)ထပ်တိုက်၊ ခြောက်လွှာရှိ တော်ဝင်မေဟွား KTV အပြင်ဝရန်တာတွင် အလုပ်သမားတစ်ဦး အရက်ထွက်သောက်ရာမှ အမူးလွန်၍ ဂမုန်းပွင့်ကုန်တိုက် မြေညီထပ်ရှိ အမိုးပေါ်ပြုတ်ကျမှု စက်တင်ဘာလ ၁၇ ရက် နံနက် အစောပိုင်း ၁ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြုတ်ကျသူမှာ အသက် ၄၀ အရွယ် ဦးသိန်းမြင့်ဖြစ်ပြီး ညာဘက်ပေါင်ရိုးကျိုးဒဏ်ရာရရှိခဲ့ရာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ခေါင်မိုးပေါ်ပြုတ်ကျတင်ကျန်နေသော အလုပ်သမားကို မီးသတ်တပ်ဖွဲ့ဝင်များက ၂၉ မိနစ်ကြာ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

“ခေါင်းမိုးပေါ်တင်နေတဲ့သူကို အသက်ကယ်ကြိုးနဲ့ ထမ်းစင်အသုံးပြုပြီး လှေကားနဲ့မြေပြင်ကို ရောက်အောင် ကယ်ဆယ်ခဲ့ရတာပါ”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

ဒဏ်ရာရသူ အလုပ်သမားကို လသာမြို့နယ် (၂) ရပ်ကွက်၊ (၁၇)လမ်း(အထက်)၊ ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News