Myanmar Transparency News

တာမွေ၊ ကျောက်မြောင်းက ကျိုက္ကဆံလမ်းမပေါ် အမျိုးသားတစ်ဦး ဓားထိုးခံရလို့ သေဆုံး

၂၅. ၉. ၂၀၂၅
Written by Thettant

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်းမကြီးပေါ် မှာ မနေ့က စက်တင်ဘာ ၂၄ ရက် ညပိုင်းအချိန် အမျိုးသားတစ်ဦးဓားထိုးခံရလို့ သေဆုံးသွားပါတယ်။

ဖြစ်စဥ်​က မနေ့က ည ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ခိုက်ရန်ဖြစ်ပွားရာကနေ ဓားထိုးမှုဖြစ်ပွားခဲ့တာကြောင့် ဓားထိုးခံရသူကို ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံအရောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

“အနှေးယာဥ်လုပ်သားအချင်းချင်းလို့ သိရပါတယ်။ ဖြစ်တာက ကျောက်မြောင်းကားမှတ်တိုင်ဘေးနား လမ်းမပေါ်တင်ပါ။ ဓားထိုးခံရသူက အသက် ၅၀ လောက်ရှိပြီ။ သူတို့အချင်းချင်း အရောင်းအဝယ်ကိစ္စ စကားများတယ်လို့လည်း သိရတယ်။ ဆေးရုံရောက်တော့ အရောင်ပြောင်း (သေ)သွားတယ်”လို့ ကူညီခဲ့သူတစ်ဦးက ဆိုပါတယ်။

ဓားထိုးခံရသူကို မေတ္တာမျှဝေပရဟိတအသင်းနဲ့ တာမွေကွန်ရက် ပရဟိတအဖွဲ့တို့က ကူညီခဲ့ကြပြီး ရန်ကုန်ဆေးရုံကြီးကိုတော့ မေတ္တာမျှဝေအသင်းက ပို့ဆောင်ခဲ့သလို တရားခံဖမ်းမိရေး တာဝန်ရှိသူတွေက ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – မေတ္တာမျှဝေ (MMRO)

မူရင်းသတင်း — Myanmar Transparency News