Myanmar Transparency News

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းရဲ့ ရုံးခန်းဖွင့်ပွဲနဲ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနား ကျင်းပ

၂၅.၉.၂၀၂၅

Written By Thandar

MCEA Yangon Region Myanmar Computer Enthusiasts Association က ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းရဲ့ ရုံးခန်းဖွင့်ပွဲနဲ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park Building 14 မှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နည်းပညာနဲ့ပတ်သက်ပြီးတော့ ၁၉၉၆ ခုနှစ်က ကွန်ပျူတာဖွံ့ဖြိုးရေးဆိုတဲ့ ဥပဒေတွေရှိတယ်။ အဲဥပဒေအရ ဒီအသင်းတွေကို ဖွဲ့ထားတာရှိပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် အသင်းတွေ စဖွဲ့တဲ့အချိန်မှာ မြန်မာနိုင်ငံ ကွန်ပျူတာဝါသနာရှင်အသင်းအနေနဲ့ ဒီနေ့ စပြီး ရုံးခန်းလေးဖွင့်လှစ်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ အသင်းကို ဖွဲ့စည်းထားဆိုရင် တစ်နှစ်နီးပါးရှိပါပြီ။ သို့သော် ရုံးခန်းလေးက ပြင်ဆင်နေတာ ဖြစ်တဲ့အတွက် ခုမှရုံးခန်းကို ယဉ်ကျေးမှု ထုံးထမ်းအစဉ်အလာအတိုင်း ဆရာတော်တွေ ဖိတ်ကြားပြီးတော့ အလှူအတန်းတွေပြုလုပ်တာဖြစ်ပါတယ်။ ကွန်ပျူတာအသင်း ၃ သင်းရှိပါတယ်။ ကွန်ပျူတာပစ္စည်းတွေ ရောင်းချတာတွေ Export , Import လုပ်တဲ့လုပ်ငန်းရှင်အသင်းရှိပါတယ်။ နောက် ကွန်ပျူတာနဲ့ဘွဲ့ရတဲ့သူတွေ၊ Software ရေးသားသူ ဖန်တီးတဲ့သူတွေအတွက်က ကွန်ပျူတာပညာရှင်အသင်းဆိုတာလည်း ရှိပါတယ်။ ကျွန်တော်တို့က ဝါသနာရှင်အသင်းဆိုတာက သုံးစွဲတဲ့သူတွေ၊ နည်းပညာ၊ Hardware, Software တွေကို ကိုယ်တိုင်အသုံးချပြီး လုပ်ငန်းဆောင်ရွက်ရာမှာ ပိုမြန်ဆန်ဖို့ User တွေနဲ့ သက်ဆိုင်တဲ့အသင်း ဖြစ်ပါတယ်။ နည်းပညာက စက်ပစ္စည်းတွေ ဝယ်နိုင်မှ လုပ်နိုင်တာမဟုတ်ဘဲ အများစုဝေးရာ ကွန်ပျူတာကို ဝါသနာပါတဲ့ ကလေးတွေကိုလည်းသင်ကြားပေးမှာပါ ”လို့ ကွန်ပျူတာဝါသနာရှင်အသင်းရဲ့ ဥက္ကဋ္ဌ ဦးဌေးလင်းက ပြောပါတယ်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတ အစည်းအရုံးက ဥက္ကဋ္ဌ ဦးလွင်မြင့်၊ ကွန်ပျူတာဝါသနာရှင်အသင်းက တာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပါတယ်။

အဲဒီနောက်ပင့်ဖိတ်ထားတဲ့ ဓမ္မဒူတ ဒေါက်တာဆရာတော် အရှင်ဆေကိန္ဒနဲ့ သံဃာတော်အရှင်သူမြတ်တွေက သီလပေးရေစက်သွန်းချတရားနာယူခဲ့ကြပြီး နေ့ဆွမ်းဆက်ကပ်ကာ လှူဖွယ်ပစ္စည်းအစုစုကို လှူဒါန်းခဲ့ကြပါတယ်။

ဒီအသင်းကတော့ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်အတွက် လှူဒါန်းခဲ့သလို E-Sport ချန်ပီယံဆုရခဲ့တဲ့ လူငယ်တွေကိုလည်း သိန်း ၃၀၀ လှူဒါန်းခဲ့ပါသေးတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ ကွန်ပျူတာသင်တန်းတွေ ဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသားအဆင့် National ICT Award ကွန်ပျူတာပြိုင်ပွဲတွေလည်း ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

ကွန်ပျူတာဝါသနာရှင်အသင်းက ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက်၊ တိုင်းအလိုက်၊ ခရိုင်တွေမှာပါ အဆင့်ဆင့် ကွန်ပျူတာဝါသနာပါသူတွေကိုလည်း ကွန်ပျူတာသင်တန်းတွေကို ဖွင့်လှစ်ပေးနေလျက်ရှိ တယ်လို့ သိရပါတယ်။

#ဦးဌေးလင်း

#NationalICTAwardYANGONREGION

#MYANMARCOMPUTERENTHUSIASTSASSOCIATION

မူရင်းသတင်း — Myanmar Transparency News