Myanmar Transparency News

ဖျာပုံမြစ်ဝတွင် ငါးဖမ်းစက်လှေမီးလောင်မှု ပိုက်ကိုမီးအပူပေးရာမှ စက်ဆီပေါ် မီးပွားကျ၍ မီးစတင်လောင်သည်ဟု စစ်ဆေးတွေ့ရှိ

၁၈.၁၁.၂၀၂၅
Written by KL

ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်၊ တင်ပုလွဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာအနီး၊ ဖျာပုံမြစ်ဝတွင် နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းက လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ PPC (Polypropylene Copolymer) ပိုက် အပေါက်ချဲ့ရန် မီးအပူပေးရာမှ ယိုဖိတ်နေသည့် စက်ဆီများပေါ်သို့ မီးပွားကျပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

အလျား ပေ ၄၀၊ အနံ ပေ ၂၀၊ ဇောက် ၆ ပေခန့်ရှိ သစ်သားကိုယ်ထည် “ရွှေလင်းလက် (က)”ငါးဖမ်းရေယာဉ်၏ စက်ခန်းအတွင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိနစ် ၄၀ ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ငါးဖမ်းရေယာဉ်၏ ကိုယ်ထည်၊ အင်ဂျင် ၁ လုံး၊ ငါးဖမ်းပိုက်အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

ငါးဖမ်းစက်လှေမီးလောင်မှုကြောင့် ရေယာဉ်စက်မောင်း အသက် ၄၆ နှစ်ရွယ် ဦးသန်းဝင်းကို ကျုံးကဒွန်းနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News