Myanmar Transparency News

‎အင်တာနက်ဝန်ဆောင်မှုများ ယခုဒီဇင်ဘာလကုန်နောက်ပိုင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည်‎

‎‎၅. ၁၂. ၂၀၂၅
‎Written by Nyein Kyaw
‎
‎စင်ကာပူနိုင်ငံနှင့် သွယ်တန်းချိတ်ဆက်ထားသည့် UMO ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်း ပြုပြင်ခြင်းအား ယခုဒီဇင်ဘာလကုန်ခန့်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်၍ အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
‎
‎အင်တာနက်ဝန်ဆောင်မှုများရရှိရန် နိုင်ငံတကာသို့ ချိတ်ဆက်ထားသော ဆက်ကြောင်းများအနက် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထားသည့် UMO ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်းသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ချို့ယွင်းပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။
‎
‎ထို့ကြောင့် အဆိုပါ ဆက်ကြောင်းမှ အင်တာနက်ဝန်ဆောင်မှု ရယူအသုံးပြုထားသော မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် Internet Service Provider (ISP)များ၏ ဆက်သွယ် အင်တာနက် ဝန်ဆောင်မှုများသည် နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
‎
‎UMO ဆက်ကြောင်း ပြန်လည်ကောင်းမွန်စေရေး စီစဉ်ဆောင်ရွက်နေစဉ် အင်တာနက်ဝန်ဆောင်မှုများ အဆင်ပြေစွာ အသုံးပြုနိုင်စေရန် နယ်စပ်ဖြတ်ကျော်ဖိုင်ဘာဆက်ကြောင်းများ ထပ်မံတိုးမြှင့် ချိတ်ဆက်အသုံးပြုထားရှိသည့်အတွက် အင်တာနက်ဝန်ဆောင်မှုများ အထိုက်အလျောက် ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။
‎
‎ UMO ဆက်ကြောင်း ပြုပြင်ခြင်းအား၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ခန့်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်သဖြင့် အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။


မူရင်းသတင်း — Myanmar Transparency News