Myanmar Transparency News

မြန်မာ-တရုတ် AI နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
 
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား AI နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၇ ရက် (ယမန်နေ့)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွန်မြူနစ်ပါတီအတွင်းရေးမှူး Mr. Chen Gang တို့ တွေ့ဆုံဆွေးနွေးမှုအရ သိရသည်။

တွေ့ဆုံဆွေးနွေးစဉ် Mr. Chen Gang က ကွမ်ရှီးနှင့် မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ နီးကပ်ပြီး ဆက်ဆံရေးနက်ရှိုင်းကျယ်ပြန့်ကာ နှစ်နိုင်ငံအရေးပါသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်ရှိရာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး အဓွန့်ရှည်ခိုင်မြဲစေလျက် နှစ်နိုင်ငံဘုံအကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည့် မြန်မာနိုင်ငံနှင့် AI ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
  
ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ AI အပါအဝင် ထွန်းသစ်စဒစ်ဂျစ်တယ်နည်းပညာများကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ အမျိုးသားအဆင့်ဉာဏ်ရည်တု (AI) နည်းပညာမဟာဗျူဟာနှင့် မူဝါဒတို့ကို ရေးဆွဲခဲ့ပြီး မကြာမီချမှတ်ဆောင်ရွက်သွားရန်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား ဉာဏ်ရည်တုနည်းပညာ (AI)ကဏ္ဍ၌ နှီးနှောဖလှယ်မှုများ ဆောင်ရွက်နိုင်ရန် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့သို့ ဒီဇင်ဘာ ၅ ရက်ကတည်းက လေ့လာရေးခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News