Myanmar Transparency News

တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျားဖြန့်ရာဇဝတ်မှုကျူးလွန်သူ ၂၈၅ ဦး အပါအဝင် လူပေါင်း ၆၉၀၀၀ ကျော်ကို တရုတ်နိုင်ငံက တရားစွဲဆိုခဲ့

သက်တံ့
၉. ၃. ၂၀၂၆

​တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း တယ်လီဖုန်းနှင့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်သည့် ကျားဖြန့် ရာဇဝတ်မှုများကို နှိမ်နင်းရန် ကြိုးပမ်းအားထုတ်မှုများ ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်သည့် အမြင့်ဆုံးပြည်သူ့အစိုးရရှေ့နေရုံး (Supreme People’s Procuratorate) ၏ လုပ်ငန်းအစီရင်ခံစာအရ သိရသည်။

​လက်ရှိကျင်းပနေသည့် အမျိုးသားဥပဒေပြု လွှတ်တော်ညီလာခံသို့ တင်သွင်းသော အစီရင်ခံစာအရ လွန်ခဲ့သည့်နှစ်အတွင်း တယ်လီဖုန်းနှင့် အွန်လိုင်းမှလိမ်လည်သည့် ကျားဖြန့် ရာဇဝတ်မှုများဖြင့် လူပေါင်း ၆၉,၀၀၀ ခန့်ကို တရားစွဲဆိုခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ​တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် တယ်လီကွန်းလိမ်လည်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သလို မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသော ကျားဖြန့် ရာဇဝတ်ဂိုဏ်းများ၏ အကာအကွယ်အောက်တွင် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား၍ လိမ်လည်မှု၊ လူသတ်မှုနှင့် ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှုတို့ဖြင့် သံသယရှိသူ ၂၈၅ ဦးကို တရားစွဲဆိုခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို ၂၈၅ ဦးတွင် ပယ်မိသားစု၊ မြီမိသားစုအပါအဝင် မိသားစုကြီးလေးစုမှ ကျားဖြန့်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များအပါအဝင် လူ ၂၀ ကျော်ကို သေဒဏ်နှင့် ထောင်ဒဏ်အများအပြားလည်း ချမှတ်ထားသည်။

Ref : Xinhua

မူရင်းသတင်း — Myanmar Transparency News