Myanmar Transparency News

ဇေကမ္ဘာဂေါက်ကွင်းမီးလောင်မှု Buggy ကားဘတ္ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်သည်ဟု စစ်ဆေးတွေ့ရှိ

၂၁.၃.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်၊ R-1 လမ်းမကြီး၊ ဇေကမ္ဘာဂေါက်ကွင်းတွင် မတ်လ ၂၀ ရက် နံနက် ၄ နာရီ ၂၅ မိနစ်ခန့်က လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ Buggy ကား ဘတ္ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ အလျား ၇၅ ပေ၊ အနံ ၁၂ ပေရှိ Steel Structure (၁)ထပ် Buggy ကားများထားရာ အဆောက်အအုံတွင် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် Buggy ကားထားရာအဆောက်အအုံ ၁ လုံးနှင့် Buggy ကား ၁၄ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ​သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

Buggyကားများ မီးလောင်မှုနှင့်ပတ်သက်၍ တာဝန်ခံ အသက် ၄၂ နှစ်အရွယ် ဦးကြည်ဝင်းကို ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၈၅ ဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News