Myanmar Transparency News

မင်္ဂလာဒုံရှိ မှန်ဘီလူးစက်ရုံ မီးလောင်မှု မီးစက်နှိုးစဥ် UPS Battery များ ပေါက်ထွက်ကာ မီးစတင်လောင်သည်ဟု စစ်ဆေးတွေ့ရှိ

၂၆.၃. ၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ အမှတ်(၃)လမ်းမကြီးဘေးရှိ Myanmar Asia Opital International မှန်ဘီလူးထုတ်လုပ်သည့်စက်ရုံတွင် လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ မီးပျက်ချိန် မီးစက်နှိုးစဥ် UPS Battery များ ပေါက်ထွက်ကာ မီးစတင်လောင်ကျွမ်းခဲ့​ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏အတည်ပြုချက်များအရ သိရသည်။

ဂျပန်နိုင်ငံသား ပိုင်ဆိုင်သော Myanmar Asia Opital International စက်ရုံမှာ ဝန်ထမ်းဦးရေ ၄၀၀၀ ခန့်ဖြင့် ဖုန်းကင်မရာ၊ မှန်ဘီလူး၊ မျက်ကပ်မှန်များကို အဆိုင်း ၃ ဆိုင်းဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ပြီး မတ်လ ၂၅ ရက် ည ၁၁ နာရီ ၅၅ မိနစ် ညဆိုင်းအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် Steel Structure နှစ်ထပ်ရှိ အလျား ၃၅ ပေ၊ အနံ ပေ ၁၅၀ရှိ အဆောက်အအုံ၊ UPS Batteryစင် ၉ စင်နှင့် အဲကွန်းများ၊ မှန်ဘီလူးဆေးစက်များ မီးလောင်ဆုံးရှုံးခဲ့သည်။

သုံးနာရီကျော်ကြာမီးလောင်မှုကို သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်နှင့်ပရဟိတအဖွဲ့ဝင်များ အပါအဝင် အင်အား ၄၀၀ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မတ်လ ၂၆ ရက် နံနက် ၃ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် စက်ရုံလျှပ်စစ်တာဝန်ခံ အသက် ၃၅ နှစ်အရွယ် ကိုစိုးရန်နိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News