Myanmar Transparency News

ပျူစောထီးဟု တံဆိပ်ကပ်ကာ အမျိုးသားတစ်ဦးကို သတ်ဖြတ်လိုက်ဟု ပဲခူး PDF ဝန်ခံ

နေမိုး
၂၇. ၃. ၂၀၂၆

ပျူစောထီးဟု တံဆိပ်ကပ်ကာ အမျိုးသားတစ်ဦးကို သတ်ဖြတ်လိုက်သည်ဟု ပဲခူး PDF အဖွဲ့ဖြစ်သော သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့က ယနေ့ ဝန်ခံသည်။

NUG ဩဇာခံ ပဲခူး PDF များ၏ ဝန်ခံချက်အရ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်အုပ်စု၊ အောင်သုခရပ်ကွက်နေ ဦးမောင်ဆန်းအား ပျူစောထီးဟုဆိုကာ မတ် ၂၀ ရက်၊ ည ၁၀ နာရီ ၃၀ မိနစ်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ PDF များက ၎င်း၏ နေအိမ်၌ သွားရောက်ဖမ်းဆီးစဥ် အဖမ်းမခံဘဲ ထွက်​ပြေးသွားသောကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ ကျည်ထိမှန် သေဆုံးသွားပြီး ယင်းနှင့်အတူ ထွက်ပြေးသည့် ပျူခေါင်းဆောင် တစ်ဦးမှာ လွတ်​မြောက်သွားသည်ဟု ဖော်ပြသည်။

ပဲခူးတိုင်းသည် ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများကို KNU နှင့် PDF များက သတ်ဖြတ်မှုများပြားသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းဆီးရမိမှု မရှိသလောက်နည်းပါးသည်။
 
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News