Myanmar Transparency News

ပုသိမ်တွင် ဆိုင်ဝန်ထမ်းတစ်ဦးသေဆုံးခဲ့သော ဂက်(စ်)ဆိုင် မီးလောင်မှု ပြုပြင်နေသော ဂက်စ်မီးဖိုအနီး ဂက်(စ်)အိုးများကို ဂက်(စ်)ဖြည့်ရန် ပိုက်လှည့်ဖြုတ်ရာမှ မီးပွားထွက်၍ မီးလောင်သည်ဟု စစ်ဆေးတွေ့ရှိ

၁၁.၄.၂၀၂၆
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ မင်းကြီးလမ်းထောင့်၊ ချောင်းသာကားဂိတ်ဟောင်းလမ်းရှိ ရွှေလာဘ်အောင်” ဂက်(စ်)ဆိုင်တွင် ဧပြီလ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့သည့် လူတစ်ဦး​သေဆုံးခဲ့သော မီးလောင်မှုမှာ ပြုပြင်နေသော ဂက်စ်မီးဖိုအနီး ဂက်(စ်)အိုးများကို ဂက်(စ်) ဖြည့်ရန် ပိုက်လှည့်ဖြုတ်ရာမှ မီးပွားထွက်၍ မီးလောင်ခဲ့​ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် အသက် ၁၈ နှစ်အရွယ် ဆိုင်ဝန်ထမ်း လုဝါး(ခ)လုစေး သေဆုံးခဲ့ပြီး အခြား အမျိုးသားနှစ်ဦးလည်း မီးလောင်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

မိနစ် ၄၀ ကြာမြင့်ခဲ့သော မီး​လောင်မှုကြောင့် အလျား ၁၂ ပေ၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်းတစ်ထပ်၊ ဆိုင်ခန်း ၅ ခန်း၊ ၂၈ ပိသာဆံ့ ဂက်(စ်) အိုး ၂၀ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၆ စီးဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပစ်တိုင်းထောင်လူမှုကူညီရေးအသင်းနှင့် မနောဖြူလူမှုကူညီရေးအသင်းတို့မှ အသင်းသားများနှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

သေဆုံးသူနှင့်ဒဏ်ရာရရှိတို့ကို မနောဖြူလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပုသိမ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဂက်စ်ဆိုင်မီး​လောင်မှုကြောင့် အသက် ၃၄ နှစ်အရွယ် ဆိုင်မန်နေဂျာ ဦးစောလားဘ လုထူးနှင့် သေဆုံးခဲ့သော အသက် ၁၈ နှစ်အရွယ်ဆိုင်ဝန်ထမ်း လုဝါး(ခ)လုစေးတို့ကို ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၈၅/၃၀၄-က/၃၃၇ ဖြင့် ပုသိမ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News