Myanmar Transparency News

လမ်းဖြတ်ကူးသည့် ၈၉ ကားဂိတ်လုံခြုံရေးဝန်ထမ်းကိုဝင်တိုက်ကာ မောင်းနှင်ထွက်​ပြေးသဖြင့် သေဆုံးမှု ဒဂုံဆိပ်ကမ်းတွင် ဖြစ်ပွား

၁၁.၄.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ရတနာလမ်းမကြီး၊ (၈၉) ကားဂိတ်အနီးတွင် လမ်းဖြတ်ကူးသည့် (၈၉) ကားဂိတ်လုံခြုံရေးဝန်ထမ်းတစ်ဦးကို မော်တော်ယာဥ်တစ်စီးဝင်တိုက်ကာ မောင်းနှင်ထွက်​ပြေးသဖြင့် အဆိုပါဝန်ထမ်းသေဆုံးမှု ယနေ့ ဧပြီလ ၁၁ ရက် ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၅၆ နှစ်အရွယ် ဦးအောင်နိုင်ဖြစ်ပြီး သာကေတမြို့နယ်တွင်နေထိုင်သူဖြစ်ကာ ဘယ်ဘက်ခြေထောက် ပြတ်ထွက်လုနီးပါးဒဏ်ရာနှင့် ဦးခေါင်းထိခိုက်ကာ သေဆုံးခဲ့ခြင်း​ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရောက်သွားတော့ လူက သေဆုံးနေပါပြီ၊လမ်းပေါ်မှာလည်း သွေးတွေရွှဲနေတာပဲ။ တာဝန်ရှိသူတွေ စစ်ဆေးပြီး ဆေးရုံကို ပို့လိုက်ပါတယ်”ဟု ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ကာမောင်းနှင်ထွက်ပြေးသွားသော မော်တော်ယာဥ်မှာ ယာဥ်တိုက်မှုဖြစ်စဥ်က ကျန်ရစ်ခဲ့သော ယာဥ်အပိုင်းအစအရ Insight အမျိုးအစားဖြစ်ပြီး ရရှိသော ယာဥ်အစိတ်အပိုင်းကို ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း သိရသည်။

ယာဥ်တိုက်မှုဖြစ်စဥ်နေရာသို့ ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ အသင်းဝင်သုံးဦး၊ စစ်တောင်းနာရေးကူညီမှုအသင်းမှ အသင်းဝင်များနှင့် အကြင်နာကုသိုလ်ပြုဘဘကြီးလူမှုကူညီရေးအသင်းမှအသင်းဝင်များပူးပေါင်းကာ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News