Myanmar Transparency News

ဖားကန့်မှာ ဇနီးဖြစ်သူ PDF အမျိုးသမီး မတော်မတရားအလုပ်ခံရတာကို အထက်လူကြီးက ဖြေရှင်းမပေးတဲ့အပြင် ဆဲဆိုခြိမ်းခြောက်လို့ PDF ဇနီးမောင်နှံက ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ ချိတ်ဆက် အလင်းဝင်

နေမိုး
၂၃. ၄. ၂၀၂၆

ဖားကန့်မှာ ဇနီးဖြစ်သူ PDF အမျိုးသမီး မတော်မတရားအလုပ်ခံရတာကို အထက်လူကြီးက ဖြေရှင်းမပေးတဲ့အပြင် ဆဲဆိုခြိမ်းခြောက်လို့ PDF ဇနီးမောင်နှံက ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ ချိတ်ဆက် အလင်းဝင်လာတယ်လို့ ကနဦးသိရပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ ချိတ်ဆက် အလင်းဝင်လာတဲ့ PDF လင်မယားက သက်နိုင် (ခ) Seng Li အသက် ၂၁ နှစ်နဲ့ ဇင်မာဖြိုး အသက် ၂၈ နှစ်တို့ဖြစ်ပြီး သေနတ်နှစ်လက်အပြင် ကျည်တောင့် ၁၅၀ ကိုပါ ယူဆောင် အလင်းဝင်လာတာလို့လည်း အသိပေးပါတယ်။ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကလည်း ဒီလိုအလင်းဝင်လာသူတွေကို ကျပ်သိန်း ၁၀၀ စီ ထောက်ပံ့ပေးထားတယ်လို့ ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။

“ဖားကန့် PDF နှစ်ဦး လက်နက်တွေနဲ့ ကျည်ဆံများနဲ့ အတူ ပြည်သူစစ်နဲ့ ပူးပေါင်းလာတဲ့ သတင်းဟာ အမှန်ဖြစ်ကြောင်း အမည်မဖော်လို့သည့် လက်နက်ကိုင် တစ်ဦးက ပြောပြတယ်။ ကောင်မလေးကို မတော်တရားလုပ်လို့ သူယောကျ်ားက ခေါင်းဆောင်ကို သတင်းပို့တာကို အရေးမယူပေးတဲ့ အပြင် သူယောကျ်ားကိုပါဆဲဆို ​ကြိမ်းမောင်းလို့ လင်မယားနှစ်ယောက်အလင်း၀င်သွားတာပါ”လို့ ဖားကန့်သတင်းတွေကို ဖော်ပြပေးနေတဲ့ အောင်ဇော်မိုး (ဖားကန့်) ကလည်း လူမှုကွန်ရက်မှာ ရေးသား ဖော်ပြထားပါတယ်။

ဖားကန့်မှာ NUG ဟာ PDF တွေကို ထိန်းချုပ်ခွင့်မရဘဲ KIA ကပဲ သူ့လက်အောက်ခိုဝင်လာတဲ့ PDF တွေကို KPDF အမည်နဲ့ လက်အောက်ခံတပ်အဖြစ် ထိန်းချုပ်သလို ဒီ KPDF တွေကိုတော့ KIA အထက်လူကြီးတွေကပဲ ပြန်ထိန်းချုပ်တာပါ။ KIA ရဲ့ တပ်ရင်းမှူးအတင့် ဒူချွန်တွေက ထိန်းချုပ်တာဖြစ်ပြီး ဒီလိုမျိုး KIA ရဲ့ ဒူချွန်တွေ ထိန်းချုပ်ခံရတဲ့ မြန်မာပြည်တွင်းဒေသက PDF တွေ၊ LPDF တွေဟာ သတ်ဖြတ်ညှင်းပန်းခံရမှု၊ မုဒိမ်းကျင့်ခံရမှုတွေ ခံရသလို ဒူချွန်တွေ ခိုင်းစေတဲ့ မူးယစ်ဆေးဖြန့်တာ၊ လက်နက်ကုန်ကူးတာတွေပါ လုပ်ဆောင်ရပြီး နာမည်ပျက်များတဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်။

NUG ကို ယုံစားပြီး NUG ရဲ့ PDF အဖြစ်အပြင် KNU, KIA စတဲ့ လက်နက်ကိုင်တွေဆီကိုပါ ခိုဝင်သွားတဲ့ PDF အမျိုးသမီးတွေ မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုတွေ၊ ကာမစော်ကားခံရမှုတွေဟာ ပြည်သူသိတာတင် ဆယ်မှုခန့်ရှိခဲ့ပြီဖြစ်ပြီး လက်စဖျောက်ခံရမှာစိုးရိမ်လို့ ထုတ်မပြောရဲတဲ့ အမှုပေါင်းကလည်း ရာချီရှိနေပြီး NUG ရဲ့ အမျိုးသမီးရေးရာဝန်ကြီး နော်ဇူဇန်နာလှလှစိုးကိုယ်တိုင်ကလည်း သူ့ဆီကို အမျိုးသမီးတွေ လိင်စော်ကားခံရလို့ တိုင်ကြားတာ အမှုပေါင်း ၁၅၀ ကျော်ရှိပြီး ထက်ဝက်တောင် မဖြေရှင်းနိုင်ခဲ့ဘူးလို့ ဝန်ခံထားပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း သားသည်မိခင် မွတ်စ်လင်မ် PDF အမျိုးသမီး မသဇင်ဆိုသူကို သူ့တပ်ရင်းမှူးအပါအဝင် PDF တွေက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလရှေ့ပိုင်းမှာ ရိုက်နှက် နှိပ်စက် မုဒိမ်းကျင့်မှုဖြစ်စဥ်မှာ ဦးဆောင်ကျူးလွန်တဲ့ NUG ဩဇာခံ ယင်းမာပင်တပ်ရင်း (၂၀) တပ်ရင်းမှူး ရန်ရှင်းအောင် အပါအဝင် ကျူးလွန်သူ တရားခံတွေကို ဖမ်းဆီးပြီး အရေးယူဖို့ မွတ်စ်လင်မ်အဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့တွေက တောင်းဆိုခဲ့သလို NUG ယာယီသမ္မတ တာဝန်ယူထားတဲ့ ဒူဝါလရှီးလထံ All Burma Women’s Union- ABWU ဦးဆောင်တဲ့ အမျိုးသမီးနဲ့ အလုပ်သမားအဖွဲ့အစည်းခြောက်ခုက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ရပါသေးတယ်။

မူရင်းသတင်း — Myanmar Transparency News