Myanmar Transparency News

ရပ်ထားသည့်တွဲကား၏ မိုးကာစဖြင့် ရိုက်မိရာမှ ဆိုင်ကယ်မှောက်ချိန် ကားထပ်တိုက်ခံရသဖြင့် ဆိုင်ကယ်မောင်းသူသေဆုံးမှု အုတ်တွင်းမြို့တွင် ဖြစ်ပွား

၂၅.၄.၂၀၂၆
Written by KL

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ပဲခူးလမ်းတောင်ပိုင်း၊ ပန်းကမ္ဘာ (၂) ဆိုင်ရှေ့အနီးတွင် ဧပြီလ ၂၄ ရက် နံနက်ပိုင်းက ရပ်ထားသော တွဲကား၏မိုးကာစဖြင့် ရိုက်မိရာမှ မောင်းနှင်လာသော ဆိုင်ကယ်တိမ်းမှောက်ချိန် ကားထပ် အတိုက်ခံရသဖြင့် ဆိုင်ကယ်မောင်းသူသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် ရင်ခုန်သံ ရှင်​ရေးကူညီမှုအသင်းထံမှ သိရသည်။

“တွဲကားက မိုးကာစနဲ့ မောင်းလာတဲ့ဆိုင်ကယ်ကို ရိုက်မိတဲ့အရှိန်ကြောင့် ဆိုင်ကယ်မောင်းတဲ့သူက လမ်းလယ်ကိုပြုတ်ကျသွားတဲ့အချိန် ကန်တာကားတစ်စီးက ဖြတ်တိုက်မိသွားတာ​ကြောင့် ဆိုင်ကယ်မောင်းတဲ့သူက နေရာမှာတင် အခြေအနေတော်တော်ဆိုးနေပြီ။ ဆေးရုံကို ပို့ပေမယ့် ဆေးရုံအရောက်မှာပဲ ဆုံးသွားတယ်”ဟု ကူညီကယ်ဆယ်ပေးခဲ့သူတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် နေထိုင်သူဖြစ်ကာ အုတ်တွင်းမြို့သို့ ဧပြီလ ၂၃ ရက်က လာရောက်လည်ပတ်သူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းကို အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ယင်းမှတစ်ဆင့် နေအိမ်ရှိရာ လှည်းကူးမြို့နယ်သို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Save The Trees Rescue Team က ပို့​ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

“အုတ်တွင်းမှာ အဓိကပြဿနာက လမ်းကကျဉ်းပြီး မြို့ထဲရောက်ရင် ကားကြီးသမားတွေက အရှိန်လုံးဝမလျှော့ပေးတာပဲ။ Express ကားကြီးတွေဆို ပိုဆိုးတယ်။ အခုကဆီတန်းတဲ့ကားတွေကလည်း ပိုလာတော့ ဆိုင်ကယ်တွေက အရမ်းအန္တရာယ်များတယ်”ဟု အုတ်တွင်းဒေသခံတစ်ဦးက ပြောသည်။

မူရင်းသတင်း — Myanmar Transparency News