Myanmar Transparency News

တောင်ဥက္ကလာပတွင် ဂက်စ်အရောင်းဆိုင်အပါအဝင် ဆိုင်ခန်းများနှင့် လူနေအိမ်မီးလောင်မှုဖြစ်ပွား၍ လူနှစ်ဦးဒဏ်ရာရ

၂၆.၄.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ သုမင်္ဂလာလမ်းတွင် ဧပြီလ ၂၅ ရက် ညနေ ၅ နာရီခန့်က လပြည့်ဝန်း ဂက်စ်အရောင်းဆိုင်၌ မီး​လောင်မှုဖြစ်ပွားခဲ့ရာ ဂက်စ်အရောင်းဆိုင်အပါအဝင် ဆိုင်ခန်း လေးခန်းနှင့် လူနေအိမ်မီးလောင်ခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

ဟော်လို၊ သွပ်မိုး၊ ဂျက်ဆင်ဘုတ်ကာရံထားသော နှစ်ထပ်အဆောက်အအုံဂတ်စ်အရောင်းဆိုင်တွင် Portable Magnetic Gas မီးဖိုကို ပြုပြင်နေချိန် မီးပွင့်ရာမှ ဘေးရှိ 15 KG Gas အိုးမှ တစ်ခါသုံးဂက်စ်ဘူးအသေးသို့ ဖလှယ်သည့် ပိုက်ပြုတ်နေသဖြင့် မီးကူးစက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် ဂက်စ်ဆိုင်အပါအဝင်၊ BBQ စားသောက်ဆိုင်၊ ဘိလိယက်ခုံ၊ မော်တာနှင့် မီးစက်ပြုပြင်သည့်ဆိုင်နှင့် အလျား ၁၀ ပေ၊ အနံ ပေ ၆၀ ရှိလူနေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဂက်စ်အရောင်းဆိုင်ပိုင်ရှင် အသက် ၆၆ နှစ်အရွယ် ဦးစိုးလှိုင်နှင့် အသက် ၇၂ နှစ်အရွယ် ဦးစိုးဝင်း တို့တွင် ဘယ်ညာ လက်နှင့်ခြေထောက်၊ ကျောကုန်းတို့တွင် ထိခိုက်ဒဏ်ရာများရရှိသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံနှင့် မြောက်ဥက္ကလာပဆေးရုံသို့ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်း၏ မော်တော်ယာဥ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ပြီး လူနာနှစ်ဦးစလုံး အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

မိနစ် ၃၀ ကျော်ကြာ​မြင့်သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၄ စီး၊ ရေသယ်ယာဥ် ၁၄ စီး၊အထောက်အကူပြုယာဥ် တစ်စီး၊ ကွပ်ကဲမှုယာဥ် တစ်စီးတို့နှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၅ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဂက်စ်အရောင်းဆိုင် အပါအဝင် ဆိုင်ခန်းများနှင့် လူနေအိမ်တစ်လုံးမီးလောင်မှုကြောင့် အသက် ၆၆ နှစ်အရွယ် ဦးစိုးလှိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

မူရင်းသတင်း — Myanmar Transparency News