Myanmar Transparency News

ခွင့်ပြုချက်မဲ့ စာအုပ်ရေးသား ထုတ်ဝေဖြန့်ချိမှုဖြင့် စာရေးဆရာတင်ညွန့်အပါအဝင် လူသုံးဦး ဖမ်းဆီးခံရဟု ဆို

Photo – Credit

နေမိုး
၂၇. ၄. ၂၀၂၆

ခွင့်ပြုချက်မဲ့စာအုပ်များ ရေးသား ထုတ်ဝေဖြန့်ချိမှုဖြင့် စာရေးဆရာတင်ညွန့်အပါအဝင် လူသုံးဦး ဖမ်းဆီးခံလိုက်ရသည်ဟု ကနဦး သတင်းများအရ သိရသည်။

တင်ညွန့်အမည်ဖြင့် ယခင်ထုတ်ဝေခဲ့သော စာအုပ်သုံးအုပ်ဖြစ်သည့် ခွေးထိန်းငတာ၊ ဗိုလ်ချုပ်တွေကို ကျွန်တော် ညာခဲ့သည်၊ ဦးသန်းရွှေ၏ ယတြာများ စာအုပ်တို့ကို ခွင့်ပြုချက်မဲ့ ထပ်မံ ထုတ်ဝေဖြန့်ချိရာမှ စာရေးဆရာတင်ညွန့်နှင့် ထုတ်ဝေသည့်သားဖြစ်သူအပြင် ဖြန့်ဖြူးသူအမျိုးသမီးတစ်ဦးကိုလည်း ဧပြီ ၂၃ ရက်က ဖမ်းဆီးထားကြောင်း NUG နှင့် PDF ထောက်ခံသည့် မီဒီယာများက ဖော်ပြနေသလို စာရေးသူတင်ညွန့်ကိုလည်း သန်လျင်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ကနဦး ဖမ်းဆီး စစ်ဆေးနေသည်ဟု သိရသည်။

စာရေးဆရာတင်ညွန့်သည် “ကျောင်းဆရာမှတ်တမ်း” စာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိခဲ့သည့် ပညာရေး၊ အတွေးအမြင်နှင့် ရသစာပေများကို ရေးသားသူဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် ပဲခူး၌မွေးဖွားပြီး နှစ်ပေါင်း ၂၀ ကြာ ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၁ ခုနှစ်နောက်ပိုင်းတွင် စာပေလောက၌ ကျင်လည်ခဲ့သည်။ ရိုးမပေါ်မှာကျတဲ့မျက်ရည်၊ ရိုးမခေါ်သံ စသည့် စာအုပ်များမှာ ထင်ရှားသည်။

စာရေးဆရာတင်ညွန့်အပါအဝင် သုံးဦး ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် တာဝန်ရှိသူများက လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသလို MT News ကလည်း တာဝန်ရှိသူများထံ အတည်ပြု စုံစမ်းဆဲသာဖြစ်ပြီး ထပ်မံသိရှိရသည်များကို ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News