Myanmar Transparency News

ကျောက်တန်းတွင် နေအိမ်ရှေ့ အပေါ့သွားသဖြင့် စကားများရာမှ အပေါ့သွားသူ အသတ်ခံရမှု ဖြစ်ပွား

၃၀.၄.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တန်းမြို့နယ်၊ သီတာမြိုင်ရပ်ကွက်၊ ဒေါ်ညွှန့်စိန်လမ်းရှိ လူနေအဆောင်လိုင်းခန်းတွဲရှေ့ အ​ပေါ့သွားသည့်ကိစ္စဖြင့် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ အပေါ့သွားသူ အသတ်ခံရမှု ဧပြီလ ၂၉ ရက် ည ၈ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

အသက် ၄၅ နှစ်အရွယ် ဦးဇော်မင်း၏ အဆောင်လိုင်းခန်းရှေ့တွင် အသက် ၄၂ နှစ်အရွယ် ဦးအောင်ခင်ဇော်က အပေါ့သွားသဖြင့် စကားများရန်​ဖြစ်ရာမှ အပေါ့သွားသူကို အဆောင်နေလိုင်းခန်းနေသူက ဓားဖြင့်ထိုးခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓားဖြင့်အထိုးခံရသူ ဦးအောင်ခင်ဇော်၏လည်ပင်းဘယ်ဘက်တွင် ပြတ်ရှထိုးသွင်းဒဏ်ရာရရှိပြီး ဖြစ်ပွားရာနေရာမှ ဒေါ်ညွှန့်စိန်လမ်းမပေါ်တွင် လဲကျသေဆုံးခဲ့​ခြင်းဖြစ်ကြောင်းသိရသည်။

“သူနေတဲ့အခန်းရှေ့မှာ သေးလာပေါက်တော့ စကားများကြရင်းက လူသတ်မှုဖြစ်သွားတာ။ ညတွင်းချင်းပဲ ဖမ်းမိပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓားဖြင့်ထိုးသူ အသက် ၄၅ နှစ်အရွယ် ဦးဇော်မင်းကိုကျောက်တန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News