Myanmar Transparency News

ဘေးအိမ်ကို ရေပေးသည့် အစ်မအရင်းကို မောင်ဖြစ်သူက ပေါက်တူးဖြင့် ထုသတ်

၁.၅.၂၀၂၆
Written by KL

ဘေးအိမ်ကို ရေပေးသည့် အစ်မအရင်းကို မောင်ဖြစ်သူက ပေါက်တူးဖြင့် ထုရိုက်သတ်ဖြတ်မှု ဧပြီလ ၃၀ ရက် ည ၈ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ နရွဲချောင်ကျေးရွာ၊ စက်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဖြစ်စဥ်မှာ အသက် ၅၆ နှစ်အရွယ် အစ်မဖြစ်သူ ဒေါ်မြဝင်းက ဘေးချင်းကပ်​နေအိမ်ကို ရေပိုက်ဖြင့် ရေပေးသည့်အပေါ် အသက် ၅၁ နှစ်အရွယ် မောင်ဖြစ်သူ ဦးကျော်ကျော်(ခ)မောင်ကျော်က မကျေနပ်သဖြင့် မောင်နှမချင်း စကားများရာမှ အစ်မဖြစ်သူ၏ ဦး​ခေါင်းကို ပေါက်တူးဖြင့်ထုရိုက်ခဲ့ကြောင်း သိရသည်။

အရိုက်ခံရသော အစ်မဖြစ်သူ ဒေါ်မြဝင်း၏ ဦး​ခေါင်းဘယ်ညာဂျို(ချို)စောင်းတွင် ကြေမွဒဏ်ရာရရှိကာ နေရာတွင်ပင် သေဆုံးခဲ့သည်။

အစ်မအရင်းကို ပေါက်တူးဖြင့် ရိုက်သတ်မှုနှင့်ပတ်ကျုးလွန်သူ မောင်အရင်းဖြစ်သူ ဦးကျော်ကျော် (ခ)မောင်ကျော်ကို တံတားနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဧပြီလ ၂၉ ရက် ညပိုင်းကလည်း ကျောက်တန်းမြို့နယ်၊သီတာမြိုင်ရပ်ကွက်၊ဒေါ်ညွန့်စိန်လမ်းရှိ လူနေအဆောင်လိုင်းခန်းတွဲရှေ့၌ အ​ပေါ့သွားသည့်ကိစ္စဖြင့် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ  အပေါ့သွားသူ အသတ်ခံရမှု ဖြစ်ပွားခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News