Myanmar Transparency News

ဇနီးဟောင်းကို ဓားဖြင့်ထိုးသတ်သည့် အလုပ်လက်မဲ့မြန်မာနိုင်ငံသားတစ်ဦးအား မလေးရှားတရားရုံးတွင် လူသတ်မှုဖြင့် တရားစွဲဆို

သက်တံ့

၅. ၅. ၂၀၂၆

ပြီးခဲ့သည့်လက မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ၊ စီတာပတ်ဧရိယာရှိ ကွန်ဒိုမီနီယံ အဆောက်အအုံရှေ့တွင် ဇနီးဟောင်းကို သတ်ဖြတ်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးအား ယနေ့တွင် ကွာလာလမ်ပူ တရားသူကြီးရုံး (Magistrate’s Court) ၌ လူသတ်မှုဖြင့် တရားစွဲဆိုလိုက်သည်။

အလုပ်လက်မဲ့ဖြစ်သူ အသက် ၂၆ နှစ်အရွယ် ချင်းလူမျိုး အောင်ထွန်းငွား (Aung Tun Ngwa) သည် တရားသူကြီး Nurul Izzah Hasan Basri ရှေ့မှောက်တွင် စွဲချက်ကို ဖတ်ကြားပြရာ၌ နားလည်ကြောင်း ခေါင်းငြိမ့်ဝန်ခံခဲ့သည်။ သို့သော်လည်း လူသတ်မှုများသည် အထက်တရားရုံး (High Court) ၏ စီရင်ပိုင်ခွင့်အောက်တွင်သာ ရှိသောကြောင့် တရားခံထံမှ အပြစ်ရှိ၊ မရှိ ထွက်ဆိုချက်ကိုမူ ယနေ့တွင် မှတ်တမ်းတင်ခဲ့ခြင်း မရှိပေ။

အောင်ထွန်းငွားသည် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က Taman Setapak Indah Jaya ရှိ Genting Court ကွန်ဒိုမီနီယံ၊ Block 1 ရှေ့တွင် မြန်မာနိုင်ငံသားချင်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဇနီးဟောင်းဖြစ်သည့် လီဆူအမျိုးသမီး မယ်ရီ ရွက်ငွား (Merry Yet Ngwa) ကို သတ်ဖြတ်ခဲ့မှုဖြင့် စွဲချက်တင်ခံရခြင်း ဖြစ်သည်။

၎င်းကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် စွဲချက်တင်ထားခြင်းဖြစ်ပြီး၊ ပြစ်မှုထင်ရှားပါက သေဒဏ် သို့မဟုတ် ထောင်ဒဏ် အနည်းဆုံး အနှစ် ၃၀ မှ အနှစ် ၄၀ အထိ ချမှတ်ခံရနိုင်သည့်အပြင် အနည်းဆုံး ကြိမ်ဒဏ် ၁၂ ချက်လည်း ချမှတ်ခံရနိုင်သော ပုဒ်မဖြစ်သည်။

တရားရုံးက အဆိုပါအမှုကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် (ရက်ချိန်း) သတ်မှတ်ခဲ့သည်။ အမှုစစ်ဆေးရာတွင် တရားလိုဘက်မှ ရဲအရာရှိ M. Naresh Kumar က ဆောင်ရွက်ခဲ့ပြီး တရားခံဘက်မှ ရှေ့နေတစ်စုံတစ်ရာ ပါဝင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က ကွာလာလမ်ပူ ရဲချုပ် Datuk Fadil Marsus ၏ ပြောကြားချက်အရ – မြန်မာအမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိခဲ့ပြီး ၎င်းမှာ ဇနီးဟောင်းဖြစ်သူအား ခင်ပွန်းဟောင်းဖြစ်သူက ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ယူဆရကြောင်း၊ ရုပ်အလောင်းကို စစ်ဆေးရာတွင်လည်း ရင်ဘတ်၌ ဓားဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref : Bernama Via The Star

မူရင်းသတင်း — Myanmar Transparency News