Myanmar Transparency News

သေနတ်ကိုင်၍ စရဖ အယောင်ဆောင်ကာဓားပြတိုက်မှု မြောက်ဥက္ကလာပတွင် ယနေ့ဖြစ်ပွား

◾ သေနတ်ပစ်ဖောက်ပြေးသည့် တရားခံသုံးဦးကိုရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူများ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့

၇.၅.၂၀၂၆
Written By Min Thet

သေနတ်ကိုင်၍ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့) အယောင်ဆောင်ကာဓားပြတိုက်မှု မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့မေလ ၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်အချိန်ကရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ သုဇိတာ (၇)လမ်းရှိ ဗေဒင်ဆရာ ဦးထိုက်အောင်လင်းဆိုသူ နေအိမ်ကို သေနတ်(၂)လက်နှင့် ဓားပြ(၃)ဦး ဓားပြလာတိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

သေနတ်များဖြင့်ရောက်နေသူများသတင်းကို အဆိုပါမိသားစုက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်အကြောင်းကြားခဲ့သောကြောင့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့
က အဆိုပါနေအိမ်သို့သွားရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့သွားရောက်ခဲ့ရာ ဓားပြတိုက်သူများက မိမိတို့မှာ စရဖကဖြစ်ကြောင်းနှင့် ဗေဒင်ဆရာမိသားစုအပါအဝင် အုပ်ချုပ်‌ရေးမှူးနှင့်အဖွဲ့များအနေဖြင့် ၎င်းတို့ ရုံးခန်းသို့ လိုက်ရမည်ဟု သေနတ်ဖြင့် ချိန်ရွယ်ပြုမူ ပြောဆိုခဲ့ကြောင်းသိရသည်။

အထက်ပါအတိုင်း ပြုမူမှုသောကြောင့် အုပ်ချုပ်ရေးမှူးက စရဖနှင့်ပတ်သက်၍ အခေါ်အဝေါ်များကို မေးမြန်းစဉ် ပြန်လည်မဖြေနိုင်ဖြစ်ကာ ထွက်ပြေးကြကြောင်းသိရသည်။

ထို့နောက် အုပ်ချုပ်ရေးမှုးက ဓားပြဟု အော်ဟစ်သဖြင့် အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်ပြည်သူများဝိုင်းဝန်းဖမ်းဆီးရန် ဓားပြများနောက်က လိုက်ပါကြရာ
သစ္စာလမ်းထိပ်အရောက်တွင် ဓားပြတိုက်သူများက သေနတ်(၂)ချက် ပစ်ဖေါက်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း နောက်မဆုတ်ဘဲ လိုက်လံ၍ဝိုင်းဝန်းဖမ်းဆီးခဲ့ကြရာ ဓားပြတိုက်သူ (၃)ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့‌ကြောင်း သိရသည်။

လက်ရှိတွင် တရားခံများကို မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့သို့ အပ်နှံထားပြီး လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာဥပဒေအတိုင်း အရေးယူရန်ဆောင်ရွက်နေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News