Myanmar Transparency News

လူနာတင်ယာဥ်တိမ်းမှောက်ရာမှ လူနာစောင့် အမျိုးသမီးသေဆုံးမှု နမ့်စန်တွင် ဖြစ်ပွား

၁၀.၅.၂၀၂၆
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖတ်ကျေးရွာ တံတားဖြူအနီးတွင် မေလ ၈ ရက် ည ၇ နာရီခန့်က လူနာတင်ယာဥ်တစ်စီး တိမ်းမှောက်၍ လူနာစောင့်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

အသက် ၇၀ ကျော်အရွယ် မျက်စိခွဲစိတ်လူနာ အဘိုးအိုနှင့် အသက် ၃၀ အရွယ် လူနာစောင့် မခမ်းစန်တို့လိုက်ပါလာသည့် လင်းခေးမြို့နယ်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဥ်မှာ တောင်ကြီးမြို့မှ မိုးနဲမြို့သို့အပြန် မောင်းနှင်လာစဥ် တိုင်းရော့ပြုတ်၍ လမ်းဘေး လျှိုထဲသို့ ထိုးကျ တိမ်းမှောက်ကြောင်း သိရသည်။

“မောင်းနေရင်း လက်ကိုင်ခွေကြီး ပြုတ်ထွက်တယ်ဆိုတာတော့ ဆိုးတယ်။ ပရဟိတလုပ်တဲ့သူတွေဘဝကလည်း တကယ်မလွယ်ပါဘူး။ လူနာကို အချိန်မီရောက်အောင် မောင်းရတာကတစ်မျိုး၊ တစ်ခုခုဖြစ်လာရင်လည်း ပေးဆပ်ရတာကတစ်မျိုး။ အများလှူထားတဲ့ယာဥ်ဆိုတော့လည်း အသင်းရန်ပုံငွေရှိမှ ပြင်နိုင်မှာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် လူနာစောင့် မခမ်းစန်မှာ ဒဏ်ရာပြင်းထန်သဖြင့် နမ့်စန်ပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးခဲ့သော်လည်း လူနာအဘိုးအိုမှာ ဒဏ်ရာများရရှိသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရ​ကြောင်း သိရသည်။

လူနာတင်ယာဥ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း စိုင်းကျော်ဝင်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က အပါအဝင် ပုဒ်မ ၄ ခုဖြင့် နမ့်စန်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News