Myanmar Transparency News

ကားနှင့်တိုက်မိရာမှ ကွယ်လွန်သွားသော နည်းပညာတက္ကသိုလ်ပထမနှစ်ကျောင်းသူတစ်ဦးအပါအဝင် တက္ကသိုလ်ကျောင်းသူသုံးဦးကို ယနေ့ သင်္ဂြိုဟ်၊ အရိုးပြာများကို တစ်နေရာတည်း ဂူသွင်း

သက်တံ့
၁၂. ၅. ၂၀၂၆

မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူတစ်ဦးအပါအဝင် တက္ကသိုလ်ကျောင်းသူ အမျိုးသမီးငယ်သုံးဦးစီးနင်းလာသော ဆိုင်ကယ်နှင့် ယာဥ်တစ်စီး မေလ ၁၀ ရက် ညနေ ၄ နာရီခန့်အချိန်က ဝင်တိုက်မိရာမှ ပွဲချင်းပြီးသေဆုံးသွားကြသော တက္ကသိုလ်ကျောင်းသူ အမျိုးသမီးငယ်သုံးဦးကို ယနေ့ နေ့လယ်တွင် မီးသင်္ဂြိုဟ်မှု ပြီးစီးခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ မေလ ၁၀ ရက်၊ ညနေ ၄ နာရီဝန်းကျင်အချိန်က သထုံ- ဘားအံလမ်းမကြီး မြို့သစ်နှင့် ရဲဘော်ကျေးရွာအကြားတွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးသုံးဦးစီးနင်းလာသော ဆိုင်ကယ်နှင့် မူးနေသူများ မောင်းနှင်လာသည်ဟု မျက်မြင်တွေ့ရှိသူတို့ ပြောဆိုသော ယာဥ်တစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ရာမှ မော်လမြိုင်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာမေဂျာမှ ပထမနှစ်ကျောင်းသူ မအေးအေးအောင် (အသက် ၁၉ နှစ်)၊ မော်လမြိုင်တက္ကသိုလ်မှ ဇီဝဓာတုဗေဒမေဂျာပထမနှစ်ကျောင်းသူ မနေခြည်ကျော် (အသက် ၁၉ နှစ်) နှင့် ဓာတုဗေဒဒုတိယနှစ်ကျောင်းသူ မဂျူလိုင်မိုး (အသက် ၂၀ နှစ်) တို့ ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

ကျောင်းသူသုံးဦးမှာ မွေးနေ့ကိတ်သွားရောက်ဝယ်ယူပြီးအပြန် ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိပြီးနောက် တိုက်ကြိတ်မိ သေဆုံးခဲ့သည်ဟုလည်း သိရပြီး ယနေ့ မေလ ၁၂ ရက် နံနက် ၁၁ နာရီအချိန်တွင် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာ ကစစ (၂၁) တာယာစက်ရုံရှိ နေအိမ်အသီးသီးမှ ထွက်ခွာခဲ့ပြီး နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ထောင်မှူးကျေးရွာ အုပ်စု၊ လေးတိုင်ကျေးရွာ၊ ညောင်ဝိုင်းသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာသုံးအိုးအား တစ်နေရာတည်းတွင်ပင် အမှတ်တရ ဂူသွင်းခဲ့ကြသည်။

ကွယ်လွန်သူတို့၏ နောက်ဆုံးခရီးအား ရပ်နီးရပ်၀ေးမှ ဆွေမျိုးများ၊ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ ဆရာ၊ ဆရာမများနှင့် မိတ်ဆွေသူငယ်ချင်းများက လိုက်ပါပို့ဆောင်ခဲ့ကြပြီး အမိန့်ပြန်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်းနှင့် မေ ၁၆ ရက်တွင် နာရေးအိမ်အသီးသီး၌ ရက်လည်ဆွမ်းသွတ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (Photo – Win Zaw Oo)

မူရင်းသတင်း — Myanmar Transparency News