Myanmar Transparency News

အုတ်တံတိုင်းပြိုကျမှုကြောင့် စျေးရောင်းနေသူ အမျိုးသမီးနှစ်ဦးအပေါ် ပိမိရာမှ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု ပင်းတယတွင် ဖြစ်ပွား

၁၃.၅.၂၀၂၆
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့၊ ဈေးတန်းရပ်ကွက်၊ ခရေလမ်းရှိ ​အုတ်တံတိုင်းပြိုကျရာမှ စျေးရောင်းချသူအမျိုးသမီးနှစ်ဦးပေါ်ပိမိ၍ တစ်ဦးသေဆုံးမှု ယမန်နေ့ မေလ ၁၂ ရက် နံနက် ၇ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းသဖြင့် ၆ ပေခန့်မြင့်သော အုတ်တံတိုင်းမှာ ပြိုကျခဲ့ခြင်းဖြစ်ပြီး စျေးရောင်းသူ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းဘယ်ဘက်ခြမ်းနှင့် ငယ်ထိပ်ချိုင့်ဝင်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ မေးစေ့၊ နားနှင့် ညာဘက်ပေါင်တို့တွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူ အမျိုးသမီးကြီးကို ပင်းတယပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရပြီး လူနာမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

“အုတ်တံတိုင်းပိမိတဲ့ အမျိုးသမီးနှစ်ယောက်ကို ​ဆေးရုံပို့ပြီး ဆေးကုသခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အမျိုးသမီးက ဆုံးသွားတယ်။ တစ်ဦးကတော့ ဆေးကုသနေရတုန်းပါပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အုတ်တံတိုင်းပြိုကျမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူတို့ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

အုတ်တံတိုင်းပြိုကျမှုကြောင့် လူသေဆုံးမှုနှင့်ပတ်သက်၍ ပင်းတယမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News