Myanmar Transparency News

မိလ္လာကန်ဆယ်သည့် အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်သေဆုံးမှု မြင်းခြံတွင် ယနေ့ဖြစ်ပွား

၂၂.၅.၂၀၂၆
Written by KL

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊အမှတ်(၄) ရပ်ကွက်၊ နယ်မြေ (၂)ရှိ နေအိမ်ခြံဝန်းတစ်ခုတွင် ယနေ့ မေလ ၂၂ ရက် နံနက် ၁၁ နာရီ ၄၁ မိနစ်တွင် မိလ္လာကန်ဆယ်ယူသည့် အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

အသက် ၄၇ နှစ်အရွယ် ဦးအောင်နိုင်ဝင်းက မိလ္လာကန်အဟောင်းမှ အညစ်အကြေးဟောင်းများကို မိလ္လာကန်အသစ်ထဲ သံတူရွင်းဖြင့် ဖောက်ချရာမှ အောက်ဆီဂျင်ပြတ်ကာ သတိလစ်သွားသဖြင့် အတူတူအလုပ်လုပ်နေသော အသက် ၄၅ နှစ်အရွယ် ဦးသန်းတင်က ဝင်ရောက်ကယ်တင်ရာမှ နှစ်ဦးစလုံး သတိလစ်ကာ မေ့မြောနေခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

အလျား ၉ ပေ၊ အနံ ၇ ပေ၊ အနက် ၁၀ ပေ၊ ကျင်းအဝ ၁ ပေခန့်ရှိသော မိလ္လာကန်သစ်တွင် အမျိုးသားနှစ်ဦး သတိလစ်​မေ့မြောနေခဲ့ခြင်းဖြစ်ပြီး မြင်းခြံမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ၁၀ မိနစ်ကျော်ကြာ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။.

သတိလစ်နေသူနှစ်ဦးကို အဖြူရောင်လက်များ ပရဟိတလူမှုကူညီရေးအသင်းယာဥ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆရာဝန်၏စစ်ဆေးချက်အရ သတိလစ်နေသူနှစ်ဦးမှာ သေဆုံးနေကြောင်း သိရသည်။

“အညစ်အကြေးတွေရဲ့ အနံဆိုးတွေကြောင့် အလုံပိတ်နေရာလိုဖြစ်နေတဲ့ ကျင်းထဲမှာ သတိလစ်ပြီး အသက်ဆုံးရှုံးရတာ၊ဒီလိုနေရာတွေကို လုပ်ကိုင်မယ့်သူတွေအနေနဲ့ သတိထားသင့်ပါတယ် “ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူနှစ်ဦးနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News