Myanmar Transparency News

မော်လမြိုင်ကျွန်းရှိ စက်သုံးဆီဆိုင်မီးလောင်မှု မီးပလပ်ခုံအပူလွန်ကဲရာမှ စတင်ဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိ

၂၄.၅.၂၀၂၆
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ကျိုက်ပိကျေးရွာအုပ်စု၊ အမှတ်(၄)ရပ်ကွက်ရှိ “ရွှေမြင့်မိုရ် စက်သုံးဆီအရောင်းဆိုင်”တွင် မေလ ၂၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ မီးပလပ်ခုံအပူလွန်ကဲရာမှ စတင်ဖြစ်ပွားကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

“မီးပလပ်ခုံ အပူလွန်ကဲရာကနေ အနီးမှာရှိတဲ့ 92 ဓာတ်ဆီပေပါကို မီးကူးစက်​ပြီး လောင်ကျွမ်းခဲ့တာပါ။လူထိခိုက်မှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

စက်သုံးဆီဆိုင် မီး​လောင်မှုကို မော်လမြိုင်ကျွန်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် မိနစ် ၃၀ ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

စက်သုံးဆီဆိုင်မီး​လောင်မှုကြောင့် အသက် ၄၇ နှစ်အရွယ် ပိုင်ရှင် ဦးဇော်မျိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ကျိုက်ပိနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News