Myanmar Transparency News

လက်နက်မဲ့အဘိုးအိုကို ပဲခူး PDF သုံးဦးက ဒလန်ဟုစွပ်စွဲကာ ပစ်သတ်

နေမိုး
၂၅. ၅. ၂၀၂၆

နေအိမ်တွင်ရှိနေသော လက်နက်မဲ့အဘိုးအိုတစ်ဦးကို ဒလန်ဟုစွပ်စွဲကာ ပဲခူး PDF သုံးဦးက ပစ်ခတ် သတ်ဖြတ်လိုက်မှု ပေါင်းတည်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၂၃ ရက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာနေ ဦးမြင့်အေး(၆၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF သုံးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲ ပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးတာဝန်ရှိသူများနှင့် လက်နက်မဲ့ပြည်သူများကို NUG ဩဇာခံ PDF များက သတ်ဖြတ်မှု အများဆုံးကျူးလွန်နေသည့် တိုင်းတစ်တိုင်းဖြစ်သော်လည်း ဖမ်းဆီးရမိမှုနည်းပါးသည်။

နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တိုက ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News