Myanmar Transparency News

ခင်ပွန်းနှင့် စကားများရန်ဖြစ်ပြီး အိမ်ပေါ်မှဆင်းလာသူ မိန်းကလေး မန္တလေးကျုံးထဲ ခုန်ချသေဆုံး

၂၆.၅.၂၀၂၆
Written by KL

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊ ၆၆လမ်း၊ ၁၆×၁၉ လမ်းကြား၊မန္တလေးကျုံးတွင် ယမန်နေ့က ခင်ပွန်းနှင့်စကားများပြီးအိမ်ကထွက်လာသော မိန်းကလေးမှာ ခုန်ချသေဆုံးခဲ့ပြီးနောက် ရုပ်အလောင်းကို ယနေ့ မေလ ၂၆ ရက် နံနက် ၆ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့တွင် မန္တလေးကျုံးအတွင်း အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိသဖြင့် အောင်မြေသာစံမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်​ရေးတပ်ဖွဲ့ဝင်များက သွားရောက်ဆယ်ယူခဲ့ရာ ၁၅ မိနစ်အကြာတွင် ဆယ်ယူနိုင်ခဲ့သည်။

ရေနစ်သေဆုံးသူမှာ ပုသိမ်ကြီးမြို့နယ်၊ သမ္မ​တောကျေးရွာတွင် နေထိုင်သော အသက် ၂၁ နှစ်အရွယ် မယွန်းနဒီနိုင်ဖြစ်ကြောင်း သိရသည်။

ထိုမိန်းကလေးမှာ မေလ ၂၅ ရက် နံနက် ၅ နာရီခွဲခန့်က ခင်ပွန်းဖြစ်သူ အသက် ၄၀ အရွယ် အမျိုးသားနှင့် စကားများရန်ဖြစ်ကာ နေအိမ်မှဆင်းသွား၍ ပြန်မရောက်လာသဖြင့် အမှတ် ( ၂)နယ်မြေရဲစခန်းတွင် ပျောက်ဆုံးနေသူအဖြစ် သတင်းပို့ထားကြောင်း သိရသည်။

ရေနစ်သေဆုံးသူ မိန်းကလေး၏ ရုပ်အလောင်းကို နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်များက လူနာတင်ယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News