Myanmar Transparency News

မြန်မာအချင်းချင်း ရန်ဖြစ်ရာမှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး ဓားဒဏ်ရာ ၉ ချက်ဖြင့် သေဆုံးကာ တစ်ဦးဒဏ်ရာရ

၂၈.၅.၂၀၂၆
Written By Min Thet

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပွား၍ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်က ဖရာနခွန်စီအယုဒ္ဓယခရိုင်၊ ဘန်းမိုင်ဆပ်ကွန်၊ အကွက် (၈) ရှိ အလုပ်သမား စခန်းအတွင်း မြန်မာအမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရ၍ သေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိကြောင်း တိုင်ကြားချက်အရ နယ်ထိန်းရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ မှုခင်းအထောက် အထားပြဓာတ်ခွဲခန်း တာဝန်ရှိသူများ၊ ဖရာနခွန်စီအယုဒ္ဓယဆေးရုံမှ ဆရာဝန်များနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

သေဆုံးနေသည့် အသက် ၂၁ နှစ်အရွယ် လူငယ်မှာ ကိုထက်မြက်အောင်ဖြစ်ပြီး အနက်နှင့် အဖြူရောင် လည်ဝိုင်းတီရှပ်နှင့် အနက်ရောင်ဘောင်းဘီတိုကို ဝတ်ဆင်ထားကာ ဝမ်းဗိုက်တွင် ဓားဒဏ်ရာ၁ ချက်၊ ရင်ဘတ်ဘယ်ဘက်တွင် ၂ ချက်၊ ရင်ဘတ်အလယ်တွင် ၃ ချက်၊ ကျောကုန်းအလယ်တွင် အဆုတ်သို့ ဖောက်ဝင်သွားသော ဒဏ်ရာ ၁ ချက်နှင့် ညာဘက်ခြေထောက်တွင် ၂ ချက် ရရှိထားသောကြောင့် ကြမ်းပြင်ပေါ် သွေးများစီးကျ သေဆုံးနေကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအနီးတွင် အရှည် ၅ လက်မခန့်ရှိ ထိပ်ချွန်ဓားတစ်ချောင်း၊ မလှမ်းမကမ်းတွင် ရေနွေးအိုးတစ်လုံး၊ အရက်သောက်သည့် ဖန်ခွက် ၂ ခွက်တို့ကို တွေ့ရှိရကြောင်း သိရသည်။

ဒဏ်ရာရသူမှာ အသက် ၂၃ နှစ်အရွယ် ကိုဟိန်းထက်စော (သို့မဟုတ်) ကိုဟိန်းထက်ဇော်ဖြစ်ပြီး အယုဒ္ဓယရုမ်းကျိုင်အသင်း (ဒေသခံလူမှုကူညီရေးအသင်း)က ဖရာနခွန်စီအယုဒ္ဓယဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ အရေးပေါ်ပို့ဆောင်ပေးထားကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ကိုဟိန်းထက်စော (သို့မဟုတ်) ကိုဟိန်းထက်ဇော် က  ကိုထက်မြက်အောင် ဓားဖြင့် အထိုးခံရသည်ကို ဝင်ရောက်ကူညီရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ညာဘက်လက်မောင်းတွင် ဓားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူသတ်မှု ကျူးလွန်ခဲ့သူမှာ အသက် ၂၅ နှစ်အရွယ် ကိုဇော်မိုးလွင်ဆိုသူ ဖြစ်ပြီး ယင်းကို အခင်းဖြစ် နေရာ၌ပင် ဖမ်းဆီးခဲ့ကြောင်းနှင့် လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

ယခုအခါ အယုဒ္ဓယမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာရှိ အခြားအလုပ်သမားများကို ဆက်လက်စစ်ဆေးမေးမြန်းနေပြီး ပြစ်မှုကျူးလွန်သူအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News