Myanmar Transparency News

လိုက်ထရပ်ယာဥ်က တွဲကားကို ဝင်တိုက်ရာမှ ယာဥ်မောင်းသေဆုံးမှု တောင်ငူတွင် ဖြစ်ပွား

၃၁.၅.၂၀၂၆
Written by KL

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရွှေဝါဆီပန့်အနီးတွင် မေလ ၃၀ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က လိုက်ထရပ်ယာဥ်တစ်စီးက တွဲကားတစ်စီးကို အနောက်မှဝင်တိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Save The Trees Rescue Team ထံမှ သိရသည်။

ယာဥ်တိုက်မှုကြောင့် လိုက်ထရပ်ယာဥ်မောင်းမှာ ဒဏ်ရာများပြင်းထန်စွာ ရရှိကာ နေရာတွင်ပင် သေဆုံးခဲ့သလို လိုက်ထရပ်ယာဥ်တစ်စီးလုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“လိုက်ထရပ်ယာဥ်က အနောက်ကနေ ဝင်တိုက်တာ။လိုက်ထရပ်ယာဥ်မောင်းက ခြေထောက်တွေပြတ်တောက်ပြီး မျက်နှာမှာလည်း ဒဏ်ရာတွေရပြီး ပွဲချင်းပြီးဆုံးသွားတယ် “ဟု ယာဥ်တိုက်မှုကို မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Save The Trees Rescue Team မှ အဖွဲ့ဝင်များက တောင်ငူပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News