Myanmar Transparency News

အရှိန်လွန် ၂၂ ဘီးတွဲကားက အခြား ၂၂ ဘီးတွဲကားတစ်စီးကို ဝင်တိုက်မိရာမှ နှစ်ဦးဒဏ်ရာရမှု တိုက်ကြီးတွင် ဖြစ်ပွား

၃၁.၅.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု၊ လသာကုန်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းတွင် မေလ ၃၀ ရက် ည ၁၀ နာရီ ၄၀ မိနစ်ခန့်က ၂၂ ဘီးယာဥ်တစ်စီး မောင်းနှင်လာစဥ် ရှေ့တွင် မောင်းနှင်လာသော အခြား ၂၂ ဘီးယာဥ်တစ်စီးကို တိုက်မိပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

တိုက်ကြီးဘက်မှ မှော်ဘီဘက်သို့ အသက် ၅၅ နှစ်အရွယ် ဦးအောင်အောင်မောင်းနှင်လာသော ၂၂ ဘီး အဖြူရောင်မော်တော်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ လားရာတူ​မောင်းနှင်နေသော အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးမောင်းနှင်နေသည့် အဖြူရောင် ၂၂ ဘီးယာဥ်ကို အနောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းဦးအောင်အောင်မှာ ကားခေါင်းအတွင်းညပ်နေသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ၁၁မိနစ်ကြာကယ်ထုတ်ခဲ့ရကြောင်း သိရသည်။ ယာဥ်မတော်တဆမှုကြောင့် အသက် ၅၅ နှစ်အရွယ် ၂၂ ဘီးယာဥ်မောင်း ဦးအောင်အောင်တွင် ညာခြေသလုံးပေါက်ပြဲဒဏ်ရာနှင့် အသက် ၃၈နှစ်အရွယ် ယာဥ်နောက်လိုက် ဦးမျိုးမင်းအောင်တွင် ညာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ညာဒူးဖူးရောင်ဒဏ်ရာများရရှိခဲ့သည်။

ဒဏ်ရာရသူနှစ်ဦးကို “ခိုကိုးရာမဲ့”အဘိုးအဘွား စောင့်ရှောက်ရေးနှင့် ကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဝင်များက တိုက်ကြီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လူနာနှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News