Myanmar Transparency News

ဆီသယ်ယာဉ်များအား GPS တပ်ဆင်၍ သတ်မှတ်လမ်းကြောင်းများအတိုင်း သွားလာမှု ရှိ၊ မရှိ စောင့်ကြည့်ပြီး တရားမဝင်ရောင်းချသည်များ အရေးယူနေ

MT News
၂၁. ၆. ၂၀၂၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ဆီသယ်ယာဉ်(ဘောက်ဆာ)များတွင် GPS များတပ်ဆင်ထားရှိစေပြီး သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများအား မသက်ဆိုင်သည့်နေရာများသို့ ရောက်ရှိမှုမရှိစေရေး Online Monitoring  Center မှ တိုက်ရိုက်စောင့်ကြည့် စစ်ဆေးလျက်ရှိသည်။

ထိုသို့စောင့်ကြည့်စိစစ်ခဲ့ရာ ဆီသယ်ယာဉ်အမှတ် 5P/8614 ၊ နောက်တွဲအမှတ် 1TLR-9177 သည် ရန်ကုန်မြို့(သီလဝါ)မှ ကရင်ပြည်နယ် ဘားအံမြို့သို့ စက်သုံးဆီပို့ဆောင်ရန် ဖြစ်သော်လည်း ကျိုက်ထိုမြို့အနီးတွင် ရပ်တန့်နေကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရသဖြင့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီသို့ သတင်းချပြစုံစမ်းစေခဲ့ရာ အဆိုပါဆီ သယ်ယာဉ်အား မရမ်းချောင်လုံခြုံရေးဂိတ်တွင် ဖမ်းမိခဲ့ပြီး စက်သုံးဆီများကို သက်ဆိုင်ရာနေရာသို့ ပို့ဆောင်ခြင်းမပြုဘဲ တရားမဝင်လွှဲပြောင်းရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကျိုက်ထိုမြို့မရဲ စခန်းတွင် (ပ)၁၇၃/၂၀၂၆ “အရေးကြီးကုန်စည်များဆိုင်ရာ ဥပဒေပုဒ်မ ၅” ဖြင့် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်။

ထို့အတူ ဆီသယ်ယာဉ်အမှတ်၊ 9D-8840၊ နောက်တွဲယာဉ်အမှတ် TLR-9550 သည် ရန်ကုန်မြို့(သီလဝါ)မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ စက်သုံးဆီပို့ဆောင်ရန် ဖြစ်သော်လည်း ကျိုက်ထိုမြို့နှင့်ဘီးလင်းမြို့အကြား အလိုတော်ပြည့် ဘုရားအနီးတွင် ရောက်ရှိရပ်တန့်ထားသည်ကို သံသယဖြစ်ဖွယ်စစ်ဆေးတွေ့ရှိရသဖြင့် သတင်းချပြ၍ အဆိုပါဆီသယ်ယာဉ်အား ပိတ်ဆို့ရှာဖွေ စစ်ဆေးစေခဲ့ရာ မုဒုံမြို့နယ် ဒိုးမားကျေးရွာအုပ်စု ဒိုးမားကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကား လမ်းဘေးတွင် ယာဉ်မောင်းမရှိဘဲရပ်တန့်ထားသည့် ဆီသယ်ယာဉ်အား စစ်ဆေးတွေ့ရှိရသဖြင့်  မုဒုံမြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဆီသယ်ယာဉ်များအား GPS တပ်ဆင်စေ၍ နည်းပညာဖြင့် ကြပ်မတ်စစ်ဆေးနေသည့်စနစ်အတွင်း ဝင်ရောက်ပြီးမှသာ ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းကြီးကြပ်လက်မှတ်များ ထုတ်ပေးသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဆီသယ်ယာဉ်  (၅၁၀၆)စီးသည် GPS များတပ်ဆင်၍  စနစ်အတွင်း ဝင်ရောက်ပြီးဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် ကြီးကြပ်စစ်ဆေးသည့် နည်းပညာများကို အဆင့်မြှင့်တင်လျက်ရှိပြီး ဆီသယ်ယာဉ်တစ်စီးချင်း၏ သွားရောက်မည့်လမ်းကြောင်းကို ထည့်သွင်းစေပြီး လမ်းကြောင်းမှ သွေဖယ်ခြင်း၊ သံသယဖြစ်ဖွယ်အချိန်ကြာမြင့်စွာ ရပ်တန့်နေခြင်းတို့ပြုလုပ်ပါက Control Center တွင် သတိပေး Alarm ပေါ်လာသည့်စနစ်ကို AI နည်းပညာသုံး၍ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စည်းကမ်းလိုက်နာခြင်းမရှိသည့်ယာဉ်များကို လုပ်ငန်းလုပ်ကိုင်ခွင့်ချက်ချင်းရပ်ဆိုင်း၍ လုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူများကိုလည်း ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မူရင်းသတင်း — Myanmar Transparency News