Myanmar Transparency News

မော်တော်ယာဥ်တစ်စီးက ဆိုင်ကယ်ကို ဝင်တိုက်သဖြင့် ဆိုင်ကယ်မောင်းသူ အမျိုးသမီးကြီးတစ်ဦးသေဆုံးမှု တာချီလိတ်တွင် ဖြစ်ပွား

၂၁.၆.၂၀၂၆
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဟွေခိုက်ရွာ စာသင်ကျောင်းအနီး၊ ကျိုင်းတုံ-တာချီလိတ် ကားလမ်းမကြီးပေါ်တွင် Crown မော်တော်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသမီးကြီးတစ်ဦး သေဆုံးမှု ယမန်နေ့ ဇွန်လ ၂၀ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်တွင် တာချီလိတ်မြို့ဘက်မှ ဟွေခိုက်ရွာဘက်သို့ အသက် ၂၃ နှစ်အရွယ် ကိုစိုင်းရှဲန်တစ် မောင်းနှင်လာသော TOYOTA Crown အမျိုးအစား မော်တော်ယာဥ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ ၎င်းရှေ့တွင် မောင်းနှင်သော ဆိုင်ကယ်တစ်စီးကိုအနောက်မှ ဝင်ရောက်တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အသက် ၄၅ နှစ်အရွယ် ဒေါ် ပြုံးချိုမှာ နဖူးပေါက်ပြဲဒဏ်ရာ၊ နားနှင့် နှာခေါင်းတို့မှ သွေးထွက် ဒဏ်ရာ၊ ညာဘက်လက်ကောက်ဝတ်ကျိုးဒဏ်ရာနှင့် ညာခြေသလုံးကျိုးဒဏ်ရာများ ရရှိကာ နေရာတွင် သေဆုံးခဲ့ကြောင်းနှင့် မော်တော်ယာဉ်မောင်းနှင်သူနှင့် ယာဉ်ပေါ်လိုက်ပါလာသူတို့မှာထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။

“အလွန်အကျွံ့မောင်းတာကြောင့် အသက်တစ်ချောင်းဆုံးရှုံးရပြီ။ အရမ်းမောင်းတဲ့ ကားတွေကို ထိထိရောက်ရောက်အရေးယူစေချင်ပါတယ် “ဟု တာချီလိတ် ဒေသခံတစ်ဦးက​ ပြောသည်။

သေဆုံးသူ အမျိုးသမီးကြီးကို ဦးလှမိုးနာရေးကူညီမှုအသင်း(တာချီလိတ်)နှင့် ရွှေမယ်ယန်း အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးအသင်းမှ အသင်းဝင်များက တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News