Myanmar Transparency News

ဘုရားစင်မီးပလပ်ခုံ အပူလွန်ကဲရာမှ နေအိမ်မီးလောင်မှု မြစ်ကြီးနားတွင် ယနေ့ဖြစ်ပွား

၂၃.၆.၂၀၂၆
Written by KL

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ကံကော်မြိုင်ကျေးရွာ၊ နယ်မြေ(၂)တွင်ဘုရားစင်မီးပလပ်ခုံအပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်မှု ယနေ့ ဇွန်လ ၂၃ ရက် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က ဖြစ်ပွားခဲ့​ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း၊ အုတ်ညှပ် နှစ်ထပ်အိမ်တွင် ဘုရားမီးပလပ်ခုံ အပူလွန်ကဲရာမှ အနီးရှိ ဝါးထရံသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်အပေါ်ထပ်မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“အိမ်အပေါ်ထပ်တော့ မီး​လောင်သွားတယ်။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ ရေသယ်ယာဥ် ​တစ်စီး၊ သန္ဓေ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းခဲ့သည်။

နေအိမ်မီး​လောင်မှုကြောင့် အသက် ၇၇ နှစ်အရွယ် ဦးရွှေသိန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ပလနနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်လ ၇ ရက် နံနက် ၉ နာရီခွဲခန့်ကမြစ်ကြီးနားမြို့နယ်၊ အနောက်လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၁၄)တွင် မီးပလပ်ခုံ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

အလားတူ ဇွန်လ ၃ ရက် မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ နယ်မြေ (၁)တွင် Air-con Safeguard အပူလွန်ကဲရာမှ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း တစ်ထပ်လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News