Myanmar Transparency News

တပ်မတော်၏ ချေမှုန်းမှုကြောင့် အရာတော် PDF အနည်းဆုံး ဆယ်ဦး သေဆုံး

နေမိုး
၂၅. ၆. ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် အရာတော် PDF ပူးပေါင်းအဖွဲ့များနှင့် တပ်မတော်တို့အကြား ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အနည်းဆုံး PDF ဆယ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

PDF များကို ထောက်ခံသော မြေလတ်အသံ သတင်းဌာန၏ ဖော်ပြချက်အရ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနှင့် အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ – ၁၀) အကြား တောလမ်းပိုင်းတွင် ဇွန် ၂၄ ရက် နံနက် ၃ နာရီခန့်အချိန်က ငွေတွင်းပြည်သူ့စစ်စခန်းမှ စခတ (၁၀) ဘက်သို့ ရိက္ခာသယ်ယူရန် ထွက်လာသည့် အင်အား ၄၀ ကျော်ပါ စစ်ကြောင်းကို ငွေတွင်း PDF များက ကြားဖြတ်တိုက်ခိုက်ချိန် စခတ (၁၀) မှ ထပ်မံထွက်ရှိလာသည့် တပ်မတော်စစ်ကြောင်းများက နှစ်ဖက်ပိတ်ချေမှုန်းမှုကြောင့် PDF ဆယ်ဦးအထိ သေဆုံးခဲ့သည်ဟု ဝန်ခံဖော်ပြထားသည်။

ထို့အတူ တပ်မတော်နှင့်နီးစပ်သည့် သတင်းဌာနများကလည်း ဇွန် ၂၄ ရက်တွင် အရာတော်ဒေသအတွင်းရှိ အကြမ်းဖက် PDF အဖွဲ့များအား ရှာဖွေရှင်းလင်းနေသည့် စစ်ကြောင်းများနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း တပ်မတော်သားများ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းနှင့် PDF ၁၀ လောင်း၊ လက်နက်မျိုးစုံ ၃ လက်၊ လက်လုပ် လက်ပစ်ဗုံး ၁၉ လုံးနှင့်လက်လုပ်မိုင်း ၉ လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

PDF ဆယ်ဦး တပ်မတော်၏ ချေမှုန်းမှုကြောင့် သေဆုံးမှုသတင်းမှန်ကန်ကြောင်း ပြည်ပရောက်မီဒီယာများ ဝန်ခံနေသော်လည်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အပါအဝင် စစ်ကိုင်းတိုင်းအတွင်း ကျက်စားနေသည့် KIA နှင့် PDF များမှာ ထိုသေဆုံးဒဏ်ရာရမှုများကို ထုတ်ပြန်ရဲမှုမရှိဘဲ ဖုံးဖိထားဆဲဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News