Myanmar Transparency News

လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ ပင်လယ်စာရောင်းဝယ်ရေးဆိုင် မီးလောင်မှု မန္တလေးတွင် ဖြစ်ပွား

၂၅.၆.၂၀၂၆
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ၅၇ လမ်း၊ ၁၀၆×၁၀၇ လမ်းကြားရှိ HZ ပင်လယ်စာရောင်းဝယ်ရေးဆိုင်တွင် ဝါယာကြိုးများအပူလွန်ကဲ၍ မီးလောင်ကျွမ်းမှု ဇွန်လ ၂၄ ရက် ညနေ ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

အလျား ပေ ၃၀၊ အနံ ၅၅ ပေရှိ Streel Structure အဆောက်အအုံတွင် ပင်လယ်စာထည့်ထားသော Box ပေါ်၌ ခွေထားသော ဝါယာကြိုးများ အပူလွန်ကဲကာ အနီးတွင်ရှိသော ဖော့များသို့ မီးကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီး​လောင်မှုကြောင့် Streel Structure အဆောက်အအုံနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ပင်လယ်စာရောင်းဝယ်ရေးဆိုင် မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂ စီး၊ အုပ်ချုပ်မှုယာဥ် ၃ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့် ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၃၇ နှစ်အရွယ် ဆိုင်ရှင်အမျိုးသားကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News