Myanmar Transparency News

ကော်ပုံးထဲမှ ဓာတ်ဆီကို ပလတ်စတစ်ဘူးထဲသို့ ထည့်ရာမှ နှစ်လသားကလေး မီးလောင်သေဆုံးပြီး ဖခင်ဖြစ်သူ ပြင်းထန် ဒဏ်ရာရမှု မြဝတီတွင် ယနေ့ ဖြစ်ပွား

၁.၇.၂၀၂၆
Written by KL

ကရင်​ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄)ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ နေအိမ်တစ်လုံးတွင် ကော်ပုံးထဲမှ ဓာတ်ဆီကို ပလတ်စတစ်ဘူးထဲသို့ထည့်ရာမှ အနီးတွင်ရှိသော ဆနွင်းမှိုင်းတိုက်သည့်ခွက်သို့ မီးဟပ်ကာ မီးလောင်မှုဖြစ်ပွားပြီး နှစ်လသားကလေး မီးလောင်သေဆုံးကာ ဖခင်ဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်စွာရရှိမှု ယနေ့ ဇူလိုင်လ ၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဖြစ်ပွားခဲဲ့ကြောင်း မြဝတီခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုကြောင့် နှစ်လသားကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူတွင် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ပြီး ဆယ်ပေပတ်လည် သွပ်မိုး၊ ထရံကာ မြေစိုက် ခြံစောင့်တဲတစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်တွင် မိခင်ဖြစ်သူက အသီးအနှံများ လှည့်လည် ရောင်းချ​နေစဥ် အခြားအမျိုးသားတစ်ဦးက ဓာတ်ဆီဖလှယ်ရာမှ နေအိမ်တဲသို့ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူက ငါးနှစ်အရွယ် သားဖြစ်သူကို အရင်ကယ်ထုတ်ပြီး နှစ်လသားကလေးကို ထပ်မံကယ်ဆယ်ရာမှ အချိန်မမီတော့ဘဲ မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မီးထလောင်တော့ ပုခက်ထဲမှာ အိပ်နေတဲ့ ကလေးကို သူ့အဖေက လှမ်းဆွဲတာ မမှီလိုက်တော့ဘူး။ ကလေးလည်း မီးလောင်ပြီး ဆုံးသွားတယ်။ အဖေကလည်းကလေးကိုကယ်ရင်း ဒဏ်ရာရသွားတယ်”ဟု မီးလောင်မှုတွင် ဝိုင်းဝန်းငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

သေဆုံးသည့်ကလေးငယ်

မီးလောင်ဒဏ်ရာရရှိ​ပြီး အသက်အန္တရာယ်စိုးရိမ်ရသော ဖခင်မှာ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

၁၅ မိနစ်ခန့် ကြာမြင့်သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ် သုံးစီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်သေဆုံးသော ကလေး၏ ရုပ်အ​လောင်းကိုZ-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက မြဝတီ​ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ဇွန်လ ၁၉ ရက် မွန်းလွဲ ၃နာရီကျော်အချိန်ကလည်း မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ခေါက်မလိလမ်းရှိ နေအိမ်တစ်လုံးတွင် ဂတ်စ်အိုးဖြင့် ထမင်းအိုးတည်ရာ အနီးရှိ ဓာတ်ဆီပုံးသို့ မီးကူးစက်ရာ၍ မီးလောင်မှုဖြစ်ပွားရာ တစ်နှစ်အရွယ် ကလေးငယ်နှင့် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးပြီး အသက် ၇၅ နှစ်အရွယ် အဘိုးအိုတွင် မီးဟပ် ဒဏ်ရာများရရှိခဲ့မှုဖြစ်ပွားခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News