Myanmar Transparency News

ယာဥ်ပိုင်ရှင်ထံ ပေးရမည့် ကျပ် သိန်း ၁၅၀ ကို စလော့ဂိမ်းကစားပစ်ရာမှ ဂိမ်းရှုံးသဖြင့် ၁၂ ဘီးကုန်တင်ယာဥ်မောင်းအမျိုးသား အဆုံးစီရင်

၃.၇.၂၀၂၆
Written by KL

ယာဥ်ပိုင်ရှင်ကို ပေးရမည့် ကျပ်သိန်း ၁၅၀ ကို စလော့ဂိမ်းကစားလိုက်ရာမှ ဂိမ်းရှုံးခဲ့သော ၁၂ ဘီးကုန်တင်ယာဥ်မောင်းမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ယနေ့ ဇူလိုင်လ ၃ ရက် နံနက်အစောပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၊ အောင်ပန်း – ကလောလမ်းခွဲ၊ တိုးဂိတ်အကျော်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိမိကိုယ်ကိုယ် ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးခဲ့သော ယာဥ်မောင်းမှာ အသက် ၂၈ နှစ်အရွယ်ရှိပြီး ညောင်ရွှေမြို့ အမှတ် (၁)ရပ်ကွက်တွင် နေထိုင်သူ​ဖြစ်ကြောင်း သိရသည်။

ယာဥ်မောင်းအမျိုးသားမှာ အောင်ပန်းမြို့အဝင်ကို ယနေ့ နံနက် ၂ နာရီခန့်က ရောက်ရှိခဲ့ပြီး ယာဥ်မောင်း အမျိုးသားက အိပ်ချင်သည်ဟုဆိုကာ ကားထဲဝင်အိပ်ခဲ့ပြီး အတူလိုက်ပါလာသော ယာဥ်အကူအိပ်ပျော်ချိန်တွင် ကားမိုးကာချည်သောကြိုးကို အသုံးပြုကာ ကြိုးဆွဲချသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို အောင်ပန်း နာရေးလူမှုကူညီရေးအသင်းမှ အသင်းဝင်များက ကလောမြို့နယ် ပြည်သူ့‌ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

“ဖုန်းထဲက စလော့ဂိမ်းတွေကြောင့် ဘဝပျက်သူပျက်နေကြတာ။ သူကတော့ အသက်ပါပေးလိုက်ရတယ်။ စလော့ဂိမ်းရှုံးတာနဲ့ သေစရာလား။ အမှားကိုသိပြီး အမှန်ပြင်လို့ ရရဲ့သားနဲ့ဗျာ”ဟု ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။

မူရင်းသတင်း — Myanmar Transparency News