Myanmar Transparency News

မူလတန်းတက်စ ငါးနှစ်အရွယ်သမီးငယ်အား သက်ငယ်မုဒိမ်းပြုကျင့်သတ်ဖြတ်ပြီး နားကပ်ကို ဆွဲဖြတ်ကာ အလောင်းကို စောင်ဖြင့်ပတ်၍ စွန့်ပစ်ဖျောက်ဖျက်မှု ထန်းတပင်တွင် ဖြစ်ပွား

သက်တံ့
၄. ၇. ၂၀၂၆

မူလတန်းတက်စ အသက် ငါးနှစ်အရွယ်သမီးငယ်အား သက်ငယ်မုဒိမ်းပြုကျင့်သတ်ဖြတ်ပြီး နားကပ်ကို ဆွဲဖြတ်ကာ အလောင်းကို စောင်ဖြင့်ပတ်၍ စွန့်ပစ်ဖျောက်ဖျက်မှု ထန်းတပင်မြို့နယ်၊ တူးချောင်းရွာတွင် ဖြစ်ပွားခဲ့သည်ဟု ကူညီပေးခံသည့် ခွန်အားသစ် လူမှုကူညီရေး ပရဟိတအသင်း၏ ကူညီဆောင်ရွက်ပေးမှုသတင်းထုတ်ပြန်မှုအရ သိရသည်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တူးချောင်းရွာတွင် နေထိုင်သည့် KG တန်း တက်နေသူ မသော်တာစိုင်းမှာ ဇူလိုင် ၃ ရက် နံနက် ၉ နာရီအချိန် အဘွားဖြစ်သူက ကျောင်းသွားရန် ပြင်ဆင်ပေးနေချိန် ပျောက်ဆုံးသွားသဖြင့် လိုက်လံရှာဖွေရာ ည ၉ နာရီအချိန်ခန့်တွင် တူးချောင်းရွာ၊ ကံမြင့်လမ်းအနီး စောင်ဖြင့်ပတ်ထားသော အထုပ်အတွင်းမှ မသော်တာစိုင်း၏ ရုပ်အလောင်းကို မိဘများနှင့် ရပ်ကျေးရုံးအဖွဲ့ဝင်များက ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

ကလေးငယ်၏ ရုပ်အလောင်းမှာ သက်ငယ်မုဒိမ်းပြုကျင့်ခံထားရပြီး နားမှ နားကပ်ကိုလည်း ဆွဲဖြုတ်ခံထားရသဖြင့် နားရွက်ပြတ်လုမတတ်ဖြစ်နေသလို ရင်ဘတ်တွင်လည်း အညိုအမည်းစွဲနေသည့် ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။

ကလေးငယ်၏ ရုပ်အလောင်းကို လှိုင်သာယာ ရင်ခွဲရုံသို့ ခွန်အားသစ် လူမှုကူညီရေး ပရဟိတအသင်းက ကူညီ ပို့ဆောင်ကူညီပေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အဓမ္မပြုကျင့်သတ်ဖြတ်လုယက်သူကို ဖော်ထုတ်ဖမ်းဆီးရန် စစ်ဆေးမေးမြန်းမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ – ခွန်အားသစ် လူမှုကူညီရေး ပရဟိတအသင်း

မူရင်းသတင်း — Myanmar Transparency News