Myanmar Transparency News

မင်္ဂလာဒုံ အမှတ် (၃) လမ်းမကြီး‌ပေါ်မှာ ဘုန်းတော်ကြီးသင်ကျောင်းကို သမီးဖြစ်သူအား ကျောင်းလိုက်ပို့တဲ့ သားအမိနှစ်ဦး လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရ

၈.၇.၂၀၂၆
Written by Thiri

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ အမှတ် (၃) လမ်းမကြီးပေါ်မှာ ဒီနေ့ ဇူလိုင်လ ၈ ရက်‌နေ့ မနက်ပိုင်းက သမီးငယ်ကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆီ ကျောင်းလိုက်ပို့တဲ့ သားအမိနှစ်ဦး လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပြီး သားအမိနှစ်ဦးစလုံး ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီကနေ့ ဇူလိုင်လ ၈ ရက် နံနက် ၇ နာရီအချိန်ခန့်မှာ မင်္ဂလာဒုံခရိုင်၊ အမှတ် (၃) လမ်းမကြီး၊ ညောင်ပင်မှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် မိခင်ဖြစ်သူမှာ ဦးခေါင်းမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို အသက် ၇ နှစ်အရွယ် သမီးငယ်မှာလည်း ဦးခေါင်းထိခိုက်ဒဏ်ရာရရှိပြီး ဘယ်ဘက်ပေါင် ကျိုးသွားတဲ့ ဒဏ်ရာတွေ အသီးသီးရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ သားအမိနှစ်ဦးကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေက မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံကြီးဆီ အရေးပေါ် ပို့ဆောင်ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်မိသွားတဲ့ ယာဉ်မောင်းကလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူတွေက မဆင်မခြင် မောင်းနှင်ကာ တိုက်မိခဲ့တဲ့ ယာဉ်မောင်းကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News