Myanmar Transparency News

ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် မိသားစုလေးဦးကို PDF ဆယ်ဦးက ပစ်သတ်မှု အောင်လံတွင်ဖြစ်ပွား

နေမိုး
၁၁. ၇. ၂၀၂၆

ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် မိသားစုလေးဦးကို PDF ဆယ်ဦးက ပစ်ခတ်သတ်ဖြတ်ရာမှ နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရမှု အောင်လံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၉ ရက် နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဥယျာဉ်ကျေးရွာနေ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ဦးသက်နိုင်စိုး(ခ)ကြွက်နီ(၃၆)နှစ်သည် ဇနီးဖြစ်သူ မအေးစုလှိုင်(၂၇)နှစ်၊ ယောက္ခမများဖြစ်ကြသည့် ဦးလှငွေ(၄၈)နှစ်၊ ဒေါ်စန်းစန်းအေး(၄၃)နှစ်တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးသက်နိုင်စိုး(ခ)ကြွက်နီနှင့် ဒေါ်စန်းစန်းအေးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးလှငွေနှင့် မအေးစုလှိုင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား အောင်လံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News