Myanmar Transparency News

ဇမ္ဗူသီရိမြို့၊ သီရိရတနာအဆင့်မြင့်ဈေးအနီး သီရိအနော်ရထာ (၁၁) လမ်းပေါ် လူသတ်၊ လုယက်သူ အမျိုးသားနှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သေဒဏ်နှင့် ထောင်ဒဏ်များကျခံစေရန် အမိန့်ချမှတ်

၂၁.၇.၂၀၂၆
Written by Linn Eain

နေပြည်တော်၊ ဇမ္ဗူသီရိမြို့၊ သီရိရတနာအဆင့်မြင့်ဈေးအနီး သီရိအနော်ရထာ (၁၁) လမ်းပေါ် လူသတ်၊ လုယက်သူ အမျိုးသားနှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သေဒဏ်နှင့် ထောင်ဒဏ်များကျခံစေရန် ပျဉ်းမနားခရိုင်တရားရုံးက ဇူလိုင် ၂၀ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူသတ်၊ လုယက်မှုသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်က ဇမ္ဗူသီရိမြို့ သီရိရတနာအဆင့်မြင့်ဈေးဆိုင်းဘုတ်အနီး သီရိအနော်ရထာ (၁၁) လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကိုဝင်းကျော်ထွန်းကို ခန္ဓာကိုယ်နေရာအနှံ့ ထိုးသွင်းဒဏ်ရာများဖြင့် လဲကျနေသဖြင့် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူ၏ ယာဉ်အမှတ် ၇၈ယ/—– ၊ CANDA-110 မော်တော်ဆိုင်ကယ်ကိုလည်း ကျူးလွန်သူ ကျော်ထက်ဦးနှင့် အောင်သူဝင်း (ခ) ကိုသူက ယူဆောင်သွားသည်တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် စီစီတီဗီမှတ်တမ်းများကတစ်ဆင့် ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့ကို ပျဉ်းမနားခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ရာဇဝတ်ကြီးမှု အမှတ် ၅၆/၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့ကာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် တရားခံ ကျော်ထက်ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) (ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန်နှင့် ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရ အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ် တိတိကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့အတူ တရားခံ အောင်သူဝင်း(ခ)ကိုသူအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) (ခ)/၁၀၉ အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေရန်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၀၉ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် တိတိကျခံစေရန် ပျဉ်းမနားခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News